စိုက်ပျိုးရေးဦးစီးဌာနလက်အောက်ရှိ

မြေဆီလွှာနှင့် မြေဩဇာစမ်းသပ်စစ်ဆေးသည့် ဓာတ်ခွဲခန်းများ

ရေရှည်တည်တံ့ခိုင်မြဲပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးနှင့် ဘေး အန္တရာယ် ကင်းရှင်းသောစိုက်ပျိုးရေးထွက်ကုန်များရရှိရေးတို့တွင် စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိမြေဆီလွှာနှင့် မြေဩဇာစမ်းသပ်စစ်ဆေးသည့် ဓာတ်ခွဲခန်းများသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
အဆိုပါဓာတ်ခွဲခန်းများသည် စိုက်ပျိုးမြေနမူနာနှင့် အပင်နမူနာများတွင် ပါဝင် သည့် သီးနှံအာဟာရဓာတ်များကိုဓာတ်ခွဲစစ်ဆေးခြင်းဖြင့် မြေဩဇာထောက်ခံ နှုန်းထားများ ထုတ်ပေးနိုင်ရန်၊ သွင်းရေကိုဓာတ်ခွဲစစ်ဆေးခြင်းဖြင့် ၎င်း၏ အရည်အသွေးများကို ထိန်းသိမ်းပေးနိုင်ရန်နှင့် ဈေးကွက်အတွင်းရှိ ကောက်ယူထားသော မြေဩဇာနမူနာများ အား စစ်ဆေးခြင်းဖြင့် တောင်သူများ အရည်အသွေးပြည့်ဝသော မြေဩဇာများ သုံးစွဲနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါသည်။
စိုက်ပျိုးရေးဦးစီးဌာနလက်အောက်တွင် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် မြေဆီလွှာနှင့် မြေဩဇာစမ်းသပ်စစ်ဆေးသည့် ဓာတ်ခွဲခန်း (၁၀)ခုရှိပါသည်။ အဆိုပါဓာတ်ခွဲခန်းများ၏ စမ်းသပ်စစ်ဆေးမှုအရည်အသွေးများ တိကျသေချာစေရန် အတွက် နမူနာများဓာတ်ခွဲစမ်းသပ်သည့် လုပ်ငန်းများကိုမြေအသုံးချရေးဌာနခွဲမှ ပုံမှန်အကဲဖြတ် စစ်ဆေးလျက်ရှိပါသည်။