မြေသြဇာဆိုင်ရာနည်းပညာကော်မတီ ၏ (၃၂)ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြေသြဇာဆိုင်ရာနည်းပညာကော်မတီ ၏ (၃၂)ကြိမ်မြောက်အစည်းအဝေး ကို ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် ရာ အစည်းအဝေးသို့ မြေသြဇာ ဆိုင်ရာနည်း ပညာ ကော်မတီ ဥက္ကဌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ ဒုတိယ ဥက္ကဌ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း နှင့် ကော်မတီဝင်များ စုံညီစွာ တက်ရောက် ဆွေးနွေးကြသည်။

အစည်းအဝေး တွင် မြေသြဇာဆိုင်ရာနည်းပညာကော်မတီ ဥက္ကဌ က ဆွေးနွေး ပြောကြားရာ တွင် မြေသြဇာကော်မတီ က ထုတ်ပြန်သည့် မြေသြဇာဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များသည် လက်တွေ့မြေပြင်တွင် လိုက်နာ ဆောင်ရွက်နိုင်ပြီး လုပ်ငန်းသဘော သဘာဝ နှင့် လိုက်လျောညီထွေဖြစ်စေရန် နည်းပညာ ကော်မတီက စိစစ်ပြုစုတင်ပြပေးရန် လိုကြောင်း၊ လိုအပ်ပါက မြေသြဇာဆိုင်ရာ နည်းပညာကော်မတီ အနေဖြင့် အတွေ့အကြုံ ရှိသူ ပြင်ပအကြံပေးများ ဖိတ်ခေါ် ဆွေးနွေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အမိန့်နှင့် ညွှန်ကြားချက်များ အား ပြုပြင်ပေးရန် လိုအပ်ပါက ပြောင်းလဲ ထုတ်ပြန် ပေးသွားမည် ဖြစ်ပြီး မြေသြဇာဥပဒေ တွင် ထည့်သွင်းပြဌာန်း ဆောင်ရွက်ရန် လိုအပ်ပါက ဥပဒေအဖြစ် ပြဌာန်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။

မြေသြဇာဆိုင်ရာ နည်းပညာကော်မတီ သည် မြေသြဇာမှတ်ပုံတင် လျှောက်ထား လာမှုများကို စိစစ်၍ မြေသြဇာကော်မတီကော်မတီ ထံ တင်ပြပြီး မြေသြဇာ မှတ်ပုံတင်ခြင်း၊ လိုင်စင်လျှောက်ထားခြင်း လုပ်ငန်းများကို ကိုဗစ်-19 ကာလအတွင်း ချိန်ညှိ ဆောင်ရွက် ပေးလျှက်ရှိကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် မြေသြဇာဆိုင်ရာ နည်းပညာကော်မတီ ၏ (၃၂)ကြိမ်မြောက်အစည်းအဝေး တွင် မြေသြဇာ တင်သွင်း၊ ထုတ်လုပ် မှတ်ပုံတင် လျောက်လွှာ (၃၅၂)စောင်ကို မြေသြဇာ ကော်မတီသို့ ဆက်လက်တင်ပြနိုင်ရန် နည်းပညာရပ်ဆိုင်ရာများ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။