သီးနှံစိုက်ပျိုးရေးတွင် သဘာဝမြေဩဇာ ၊ သစ်စိမ်းနှင့် ဇီဝမြေဩဇာများ၏ အရေးပါမှု အခန်းကဏ္ဍ (၁)

၁။ သဘာဝမြေဩဇာများ

မြေဆွေးမြေဩဇာ
သဘာဝမြေဆွေးမြေဩဇာ ပြုလုပ်ရန်အတွက် သီးနှံအကြွင်းအကျန်များဖြစ်သော (ကောက်ရိုး ၊ စပါးခွံ၊ နှမ်းရိုး၊ နေကြာပွင့်ဖတ်၊ ပြောင်းဖူးဖတ်၊ ပြောင်းဖူးအူတိုင်၊ပဲရိုး၊ ပဲခွံ၊ ပေါင်းမြက် အမှိုက်များနှင့် ပုလဲဓာတ်မြေဩဇာ၊ နုန်းမြေ၊ နွားချေး၊ တင်လဲရည် သို့မဟုတ် ကုက္ကိုသီး၊ ထရိုင်ခိုဒါးမား ဖွဲနုတို့လိုအပ်မည်ဖြစ်သည်။
မြေဆွေးပုံပြုလုပ်ရာတွင် မြေဆွေးပုံသည် အလျား ပေ၃၀ ၊ အနံရှစ်ပေ အမြင့်သုံးပေခန့် ရှိရန် လိုအပ်ပြီး အမြင့်ခြောက်လက်မရှိသော အလွှာခြောက်လွှာရရှိရန် ဆောင်ရွက်ရမည် ဖြစ်သည်။ အလွှာတစ်လွှာရရှိရန် ပထမဦးစွာ သီးနှံပင်အကြွင်းအကျန်များကို ညီညာစွာဖြန့်၍ ရေဖျန်းပြီး ခြေထောက်ဖြင့်နင်းရပါမည်။ ၎င်းနောက် ပုလဲမြေဩဇာ (Urea) နို့ဆီလေးဘူး၊ နွားချေး နှစ်ပြည်တို့ကို ညီညာစွာဖြန့်ပေးရပါမည်။ နွားချေးအပေါ်၌ထရိုင်ခိုဒါးမား တစ်ထုပ်နှင့် ဖွဲနု နှစ်ပြည်ကိုရောပြီး အပေါ်မှ ညီညာစွာထပ်မံဖြူးပြီး ၎င်းအပေါ်မှ နုန်းမြေကို မျက်နှာပြင် တစ်ခုလုံးလုံအောင် ဖုံးပေးရပါမည်။ နုန်းမြေအပေါ်မှ တင်လဲရည် (သို့မဟုတ်) ကုက္ကိုသီး တစ်တင်းကို ဖြန့်ပေးပြီး ၎င်းပုံစံအတိုင်း အလွှာခြောက်လွှာ ပြုလုပ်ပေးရမည်။ မြန်မြန် ဆွေးမြေ့ စေရန်နှင့် အစိုဓာတ်ထိန်းပေးရန်အတွက် ပလက်စတစ်ဖြင့် ဖုံးအုပ်ပေးရမည်။
မြေဆွေးပုံကို ၄၅ ရက်အကြာတွင် အထက်အောက် သမအောင်ရောမွှေ၍ စနစ်တ ကျပြန်လည်ဖုံးပေးရပါမည်။ အစိုဓာတ်ရရှိရန်ရေကို လုံလောက်စွာဖျန်းပေးပြီးနောက် နောက်ထပ် ၄၅ ရက်အကြာတွင် အလွယ်တကူအသုံးပြုနိုင်သော မြေဆွေးရရှိမည်ဖြစ်သည်။ မြေဆွေးတစ်ပုံမှ မြေဆွေးတန်ချိန် နှစ်တန်ခန့် ရရှိနိုင်ပြီး တစ်ဧကအတွက် နှစ်တန်/သုံးတန် ထည့်ပေးပါက လုံလောက်မည်ဖြစ်သည်။

တီကျစ်စာမြေဆွေး
တီကျစ်စာမြေဆွေးဆိုသည်မှာ တီကောင်မျိုးများဖြစ်သော အာဖရိကမျိူး၊ အိန္ဒိယမျိူး၊ အမေရိကမျိုးနှင့်မြန်မာမျိုးတို့နှင့် သီးနှံအကြွင်းအကျန် (ကောက်ရိုး၊ စပါးခွံ၊ ပေါင်းပင်)များ နွားချေးနှင့်ဌက်ပျောအူတို့ကို ဆွေးမြေ့စေခြင်းမှရရှိလာသောမြေဆွေးဖြစ်သည်။ တီကျစ်စာမြေဆွေး ပြုလုပ်နည်းမှာပထမဦးစွာ တီကောင်များမွေးမြူရမည်ဖြစ်သည်။ တီကောင်များ မွေးမြူရာတွင်(၆ပေ×၃ပေ×၂ပေခွဲ)ရှိ အမိုးအကာအောက်တွင် မြေကျင်းကန် ပလက်စတစ်ကန် မိုးကာကန်တို့ဖြင့်ဖြစ်စေ၊ ဝါးကတ်များ သစ်သားများကာ၍ ဖြစ်စေ၊ ကွန်ကရစ်ခွေများအသုံးပြု၍ ဖြစ်စေ၊ နည်းလမ်းမျိုးစုံဖြင့် ကန်ပြုလုပ်ပြီး မွေးမြူနိုင်ပါသည်။
ထို့နောက် တီကျစ်မြေဆွေးပြုလုပ်ရန် အောက်ခြေကြမ်းပြင်ကို ဆင်ခြေလျှောပြုလုပ်ခြင်း နှင့် အောက်ခံတွင် အရည်များစစ်နိုင်ရန် ၁ ဒသမ ၅ လက်မ အရွယ်အစားရှိ ကျောက်ခဲ သို့မဟုတ် အုတ်ခဲကျိုးတို့ကို တစ်ထပ်ခင်းပါ။ ၎င်းအပေါ်မှ နွားချေးအခြောက် ခြောက်လက်မခန့် ထု ရရှိအောင်ထည့်သွင်းရပါမည်။ ထို့နောက် သီးနှံအကြွင်းအကျန်များ သစ်ရွက်များ ထည့်ပေး ခြင်း၊ တီကောင်များအတွက် အစာစိမ်းများဖြစ်သော ငှက်ပျောအူ၊ ဗေဒါ၊ ပေါင်းမြက်များကို စုစည်းပြီး ၈ လက်မမှ ၁၂ လက်မခန့် ထပ်မံထည့်ပေးရမည်။ ၎င်းအလွှာများအပေါ်မှ ကောင်းစွာ ဆွေးမြေ့သော နွားချေးကို ခြောက်လက်မခန့်အလွှာရအောင် ထည့်သွင်းရပါမည်။ ထို့နောက် ကန်အတွင်းသို့ တီကျစ်မြေဆွေးထုတ်လုပ်ပေးမည့် တီကောင်အကောင် ၂၀၀ ခန့် ထည့်ပေး ရပါမည်။
တီကောင်မွေးမြူပွားများထားသော ကန်ထဲတွင် အစိုဓာတ်ထိန်းရန် ရေလောင်းပေးပြီး လိုအပ်ပါက အပေါ်မှ ဂုန်နီအိတ်ခွံဟောင်း ဓနိရွက်၊ အုန်းလက်များ၊ သက်ငယ်ရွက်များဖြင့် ဖုံးအုပ်ပေးထားရပါမည်။ နှစ်လခန့်ကြာပြီးနောက် တီကောင်အတွက် အစာထပ်မံဖြည့်ပေးခြင်း ပြုလုပ်ရမည်ဖြစ်ပြီး သုံးလခန့်ကြာပြီးနောက် အညိုရောင်တီကျစ်စာမြေဆွေးကို ရရှိနိုင်မည် ဖြစ်သည်။
တီကျစ်စာမြေဆွေးသုံးစွဲခြင်းဖြင့် အပင်ကြီးထွားခြင်း၊ အရွက်သစ်အထွက်မြန်စေခြင်း၊ သီးနှံအရည်အသွေး ကောင်းမွန်စေခြင်းနှင့် သီးနှံသက်တမ်းကို တိုစေခြင်း အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ တီကျစ်စာမြေဆွေးသည် မြေဆီလွှာတည်ဆောက်ပုံကောင်းစေခြင်း၊ လေဝင် လေထွက်နှင့် ရေထိန်းနိုင်စွမ်း ကောင်းစေခြင်းအပြင် မြေဆီလွှာတိုက်စားမှုကိုလည်း ကာကွယ်ပေးသည်။ ရိုးရိုးမြေဆွေးနှင့် နှိုင်းယှဉ်လျှင် နိုက်ထရိုဂျင်(N) ၊ ဖော့စဖိတ် (P)နှင့် ပိုတက်စီယမ် (K) ပါဝင်မှုပိုမိုများပြားသည်။

စပါးစိုက်ပျိုးရေးတွင် နှမ်းရိုးအသုံးပြုခြင်း
စပါးစိုက်ပျိုးရာ၌ လက်တွေ့အသုံးပြုနည်းမှ နှမ်းခါပြီးရရှိသောနှမ်းရိုးများကို လက်တစ်ဆုပ်စီခန့် အစည်းငယ်များပြုလုပ်၍ စပါးစိုက်ပြီး တစ်လသားအရွယ်တွင် ရေရှိနေသော စပါးတန်းကြားအတွင်း နှမ်းရိုးအစည်းများကို ရေအောက်သို့ မြုပ်နေရန် နှမ်းရိုးများကို အလျားလိုက် ခြေထောက်ဖြင့်နင်း၍ မြုပ်ပေးရပါမည်။ ထို့သို့ ဆောင်ရွက်ခြင်းဖြင့် နှမ်းရိုးတွင်ပါသော ပိုတက်စီယမ်ဓာတ်သည် တစ်ညတာရေစိမ်ရုံမျှဖြင့် စပါးခင်းအတွင်းသို့ ရောက်ရှိကာ စပါးပင်ကစားသုံးနိုင်မည်ဖြစ်သည်။ နှမ်းရိုးထည့်သွင်းပြီးသည့် အကွက်မှ ရေကို သုံးရက်မှ ငါးရက်ကြာသည်အထိ ထိန်းထားပေးပြီး ရေပြန်မထုတ်ရပါ။ ထို့ကဲ့သို့နှမ်းရိုး ထည့်ပေးခြင်းဖြင့် စပါးအထွက် ၁၀-၃၀ ရာခိုင်နှုန်းအထိတိုးလာနိုင်ပါတယ်။ စိမ့်ဆွဲသောမြေနှင့် ဒုံပေါက်သော မြေများတွင် သီးနှံစိုက်ပျိုးရန်နှင့် မြေပြင်ရန်ခက်ခဲသော အခြေအနေရှိလျှင် သီးနှံလှပ်ပြီး ယင်းအကွက်ထဲသို့ နှမ်းရိုးများရရှိသမျှ ညီညာစွာ ဖြန့်ချပေးခြင်းကို သီးနှံရာသီ နှစ်ရာသီ သုံးရာသီ ဆက်တိုက်ပြုလုပ်ပေးပါက ပြန်လည်စိုက်ပျိုးရနိုင်သည့်မြေ ဖြစ်လာနိုင် ပါသည်။
နှမ်းရိုးတွင် ပိုတက်စီယမ်ဓာတ် ကြွယ်ဝသောကြောင့် စပါးခင်းတွင် ရေရှိပါက ထည့်ပြီး သုံးရက်အတွင်း စုစုပေါင်းထုတ်ပေးမည့် ပိုတက်စီယမ်ဓာတ်၏ ၄၀ ရာခိုင်နှုန်းကို နှမ်းရိုး မဆွေးခင်ကပင် ရရှိနိုင်ပါသည်။ စပါးခင်းတွင် ထည့်ပေးထားသော နှမ်းရိုးတစ်တန် ဆွေးမြေ့သွားပါက နှမ်းရိုးမှ ယူရီးယား ၂၅ ပေါင်၊ တီစူပါ ၅ ပေါင် ၊ ပိုတက်ရှ် ၃၅ ပေါင်ခန့် နှင့် ညီမျှသော အပင်အာဟာရဓာတ်များ မြေတွင်ထည့်ပေးသကဲ့သို့ ရရှိနိုင်သည့်အပြင် မြေတွင် သစ်ဆွေးဓာတ်များ တိုးတက်လာပြီး မြေဩဇာပြန်လည် ထက်သန်လာနိုင်ပါသည်။ နှမ်းစိုက်ခင်း တစ်ဧကမှ နှမ်းရိုးတစ်တန်မှ တစ်တန်ခွဲအထိ ထွက်ရှိနိုင်ပြီး ထိုပမာဏသည် စပါးစိုက်ခင်း တစ်ဧကကို ထည့်ပေးရန် လုံလောက်ပါသည်။

စပါးခွံဖွဲပြာ
စပါးခွံဖွဲပြာသည်သဘာဝမြေဩဇာတစ်မျိုးဖြစ်သည်။စပါးခွံဖွဲပြာဆိုသည်မှာ လောင်ကျွမ်း သည်အထိ မီးရှို့ထားခြင်းမဟုတ်ဘဲ ဆန်စက်မှထွက်ရှိသည့်ဖွဲပြာများကဲ့သို့ စပါးခွံများကို မည်းသွားရုံမျှသာ မီးရှို့ပေးထားသည့် စပါးခွံဖွဲပြာ( Charcoal Rice Husk-CRH) များဟုဆိုလိုပါသည်။
စပါးခွံဖွဲပြာကို သဲဆန်သောမြေများ၊ အချဉ်ဓာတ်လွန်ကဲသောမြေများ ၊ မြေဆီဩဇာ မထက်သန်သောမြေများ၊ ဒုံပေါက်သောမြေများတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။ လယ်သီးနှံ သာမက ယာသီးနှံနှင့် ဟင်းသီးဟင်းရွက်သီးနှံများအားလုံးတွင် တစ်ဧကလျှင် အနည်းဆုံး ငါးတန်နှုန်း ထည့်သွင်း အသုံးပြုနိုင်ပါသည်။
သုတေသနတွေ့ရှိချက်အရ လယ်စပါးများတွင် စပါးခွံဖွဲပြာကို အနည်းဆုံး ငါးတန်နှုန်း ထည့်သွင်းပေးခြင်းဖြင့် မည်သည့်မြေဩဇာမှမထည့်သည့်အကွက်ထက် တစ်ဧကစပါးအထွက် ငါးရာခိုင်နှုန်းပိုထွက်နိုင်ကြောင်း တွေ့ရှိထားပါသည်။
စပါးခွံဖွဲပြာသည် အယ်လ်ကာလီဂုဏ်သတ္တိရှိခြင်းကြောင့် မြေ၏ချဉ်/ငန်ဓာတ်ကို သမမျှတစေပြီး သဘာဝမြေဩဇာကဲ့သို့ အသုံးပြုနိုင်သဖြင့် မြေသားဖွဲ့စည်းမှုကို ပိုမိုကောင်းမွန် စေနိုင်သည်။ မြေကြီးထဲသို့ ပိုတက်စီယမ်ဓာတ်ကိုလည်း အသင့်အတင့် ပြန်လည်ဖြည့်တင်းပေး နိုင်ပါသည်။

Crd: ဒေါက်တာနိုင်ကြည်ဝင်း
စိုက်ပျိုးရေးသုတေသနဦးစီးဌာန