မြေဩဇာကော်မတီ၏ (၄၂)ကြိမ်မြောက် အစည်းအဝေးကျင်းပ

ယနေ့ကျင်းပပြုလုပ်တဲ့ (၄၂)ကြိမ်မြောက် မြေဩဇာကော်မတီအစည်း အဝေးသို့  တက်ရောက်ပေးကြပါသော မြေဩဇာကော်မတီအဖွဲ့ဝင်များနှင့် မြေဩဇာကျွမ်းကျင် ပညာရှင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံစေရန်နဲ့ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားစေရန်အတွက် အရည်အသွေးပြည့်မီသော မြေဩဇာများ သုံးစွဲနိုင်ရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လျက်ရှိပါတယ်။ ဒါ့ကြောင့် မြေဩဇာ ကော်မတီက တောင်သူတွေ အရည်အသွေးပြည့်မီတဲ့ မြေဩဇာတွေကို အချိန်နဲ့ တပြေးညီ သုံးစွဲနိုင်ရေးအတွက် (၃) လတစ်ကြိမ် အစည်းအဝေးပြုလုပ်ပြီး မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့ရဲ့ စိစစ်ထောက်ခံချက်နဲ့ မြေဩဇာမှတ်ပုံတင် တွေကို ထုတ်ပေးခဲ့တာ ပြီးခဲ့တဲ့ (၄၁)ကြိမ်မြောက် မြေဩဇာကော်မတီ အစည်း အဝေးအထိ မှတ်ပုံတင်လက်မှတ်ပေါင်း (၁၁၅၇၃) စောင် ခွင့်ပြုပေးနိုင်ခဲ့ပြီး ကာယကံရှင်က တင်ပြလို့ ပယ်ဖျက်တာ (၁၉၅၇) စောင်နဲ့ သက်တမ်း ကျော်လွန်လို့ ဌာနကဖျက်သိမ်းတာ (၂၇၉၃) စောင်ရှိတဲ့အတွက် ဒီနေ့ထိ ကျန်ရှိတဲ့ မှတ်ပုံတင်ကတော့ (၆၈၂၃) စောင်ဖြစ်ပါတယ်။

မြေဩဇာကော်မတီက မြေဩဇာထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်မှတ်ပုံတင် ပေးတဲ့လုပ်ငန်းတွေကို မြေဩဇာဥပဒေ၊ နည်းဥပဒေများနဲ့အညီ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ ဆောင်ရွက် လျက်ရှိတဲ့ စိုက်ပျိုးရေးစီမံကိန်းတွေအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်မှာဆိုရင် မိုးစပါးနဲ့ မိုးဆီထွက်သီးနှံတွေမှာ လိုအပ်တဲ့မြေဩဇာတွေကို ရာသီချိန်မီ ဖြန့်ဖြူးပေးနိုင်ရေးဟာ အရေးကြီးတဲ့လုပ်ငန်းဖြစ်ပါတယ်။ ဓာတ်မြေဩဇာတွေ အရည်အသွေးမှန်ကန်မှု ရှိ/မရှိကို တိုင်းဒေသကြီး/ပြည်နယ် စစ်ဆေးရေး အဖွဲ့တွေက ပုံမှန်စစ်ဆေးတဲ့လုပ်ငန်းအပြင် ဈေးကွက်အတွင်း ရောင်းချလျက် ရှိတဲ့ မြေဩဇာတွေကိုလဲ နမူနာတွေရယူပြီးတော့ ဓာတ်ခွဲခန်းမှာ ဓာတ်ခွဲ စစ်ဆေးတဲ့လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

အခုဆိုရင် မိုးစပါးစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်နေတဲ့အတွက် သီးနှံတွေ ထိခိုက်မှုရှိနေပါတယ်။ ဒါကြောင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သီးနှံစိုက်ခင်းတွေမှာ ထိခိုက်တဲ့ဧရိယာတွေကို သွင်းအားစုတွေနဲ့ အချိန်မီ ပြန်လည်ကုစားရေးလုပ်ငန်းတွေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ သွင်းအားစုတွေကို စနစ်တကျ ထည့်သွင်းရေးအတွက်လည်း တောင်သူတွေကို နည်းပညာပေးတဲ့ လုပ်ငန်းတွေကို ကွင်းဝန်ထမ်းတွေက ကွင်းဆင်းဆောင်ရွက်လျက်ရှိပါတယ်။

နှစ်စဉ် စိုက်ပျိုးထုတ်လုပ်လျက်ရှိတဲ့ သီးနှံတွေ အထွက်နှုန်း တိုးတက် စေရေးအတွက် မြေဩဇာစနစ်တကျ သုံးစွဲနည်းစနစ်ကလဲ အရေးကြီးပါတယ်။ တောင်သူတွေအနေနဲ့ မြေဩဇာကို မဖြစ်မနေ ဝယ်ယူသုံးစွဲနေရတဲ့အတွက်ကြောင့် အရည်အသွေးပြည့်ဝတဲ့ မြေသြဇာတွေကို စျေးနှုန်းမှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်ရေးနဲ့ ရာသီချိန်မီ သုံးစွဲနိုင်ရေးအတွက် ယနေ့အစည်းအဝေးသို့ တက်ရောက်လာတဲ့ ကော်မတီဝင်များအနေနဲ့ မြေသြဇာလုပ်ငန်းနဲ့ ပတ်သက်ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မဲ့နည်းလမ်းတွေ၊ အကြံပြုချက်တွေကို ယနေ့အစည်းအဝေးမှာ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြဖို့ ပြောကြားရင်းခဲ့ပါသည်။