တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း အသိပေး ထုတ်ပြန်ချက်

အမိုနီယမ်ဆာလဖိတ်  မြေဩဇာသည် အပင်မှ အများအပြား လိုအပ်သည့် အဓိက အပင်အာဟာရဓါတ် နိုက်ထရိုဂျင် (၂၁ %) နှင့် အပင်မှ အနည်းငယ်သာ လိုအပ်သည့် အပင် အာဟာရဓါတ် ဆာလဖာ (၂၄ %)ပါဝင်ပြီး ရေတွင် ပျော်ဝင်လွယ်သော ဓာတုမြေဩဇာ တစ်မျိုး ဖြစ်ပါသည်။ စိုက်ပျိုး ထုတ်လုပ်မှု၌ သုံးစွဲရာတွင် မိမိသီးနှံနှင့် စိုက်ပျိုးမြေအား ထိခိုက်မှု နည်းပါးစေရန် အတွက် သုံးစွဲသူ တောင်သူများအနေဖြင့် ၎င်းမြေဩဇာအကြောင်းနှင့် အသုံးပြုရမည့် နည်းလမ်းများကို သိရှိ နားလည်ရန် လိုအပ်ပါသည်။ နိုက်ထရိုဂျင် အာဟာရဓါတ် ဖြည့်ဆည်းရန်အတွက် အမိုနီယမ် ဆာလဖိတ်မြေဩဇာကို နှုန်းမြင့်မားစွာ အသုံးပြုပါက အပင်မှ လိုအပ်မှု နည်းသော ဆာလဖာဓါတ်ကို လိုအပ်မှုထက် ပိုမိုစေခြင်းကြောင့် အပင်အတွက် ဆိုးကျိုးများ ဖြစ်ပေါ် စေပါသည်။

အမိုနီယမ်ဆာလဖိတ် မြေဩဇာတွင် ဆာလဖာပါဝင်မှု မြင့်မားခြင်းကြောင့် မြေကိုချဉ်စေသော သတ္တိရှိသဖြင့် မြေငန်များနှင့် မြေငန်ရှိသော ဒေသများတွင်သာ သုံးစွဲရန် သင့်တော်သော ဓာတ်မြေဩဇာ အမျိုးအစား ဖြစ်ပါသည်။ တောင်သူများအနေဖြင့် ဈေးနှုန်းသက်သာသည့်အတွက် ဝယ်ယူအသုံးပြုနေသော အမိုနီယမ်ဆာလ်ဖိတ် မြေဩဇာကို မြေကြီးထဲသို့ ထည့်သွင်းအသုံးပြုသောအခါ ယူရီးယားကဲ့သို့ အခြားသော  နိုက်ထရိုဂျင်‌ မြေဩဇာများထက် မြေချဉ်စေသော အက်ဆစ်ဓာတ်ကို ပိုမိုထုတ်လွှတ်ပေးသဖြင့် မြေချဉ်ငန်ကိန်း (၅.၅) အောက်ရှိသော မြေချဉ်များတွင် မြေဆီလွှာ အချဉ်ပေါက်သော ပြဿနာများကို ဖြစ်ပေါ် စေနိုင်ပါသည်။

တောင်သူများအနေဖြင့် ၎င်းမြေဩဇာကို သုံးစွဲမည်ဆိုပါက မိမိတို့ စိုက်ပျိုးမြေ၏ မြေချဉ်ငန်ကိန်း၊ စိုက်ပျိုးမည့် သီးနှံအမျိုးအစား စသည်တို့အပေါ် မူတည်၍ ထည့်သွင်းသင့်သည့် ပမာဏကို စိုက်ပျိုးရေးပညာရှင်များနှင့် မြေဆီလွှာပညာရှင်များ၏ ထောက်ခံအကြံပြုချက် ရယူအသုံးပြုရန် လိုအပ်ပါကြောင်း အသိပေးအပ်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန