mdy1
mdy2
previous arrow
next arrow

မန္တလေး (ဗဟိုဓာတ်ခွဲခန်း)

တည်နေရာ နှင့် လုပ်ငန်းဆောင်ရွက်နေမှု

မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာန၊ ဓာတ်ခွဲခန်းသည် ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိ အားကစားကွင်း အရှေ့ဘက်ရှိ ၆၈ လမ်း၊ သရဖီလမ်းနှင့် ငုရွှေဝါလမ်းကြားတွင် တည်ရှိပါသည်။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ (၂၀)တွင် စတင်ဖွင့်လှစ် ခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီးအပါအဝင် အထက်မြန်မာပြည်ရှိ တိုင်း၊ ပြည်နယ်များမှ ပေးပို့ သော မြေဆီလွှာ၊ စိုက်ပျိုးရေနှင့် မြေဩဇာအမျိုးမျိုးတို့ကို ဓာတ်ခွဲစစ်ဆေးပေးလျှက်ရှိပါသည်။

မြေအသုံးချရေးဌာနခွဲအောက်ရှိ ဓာတ်ခွဲခန်းများတွင် အသုံးပြုလျှက်ရှိသော နည်းလမ်းများဖြင့် စစ်ဆေးစမ်းသပ်လျှက်ရှိပါသည်။

နိုင်ငံတကာချိတ်ဆက်မှု

နိုင်ငံတကာ ဓာတ်ခွဲခန်းဆိုင်ရာ Global Soil Laboratory, National Soil Laboratory များနှင့် ကွန်ယက်ချိတ်ဆက်မှုများ ပြုလုပ်ထားရှိပြီး  ဓာတ်ခွဲနည်းပညာများ၊ စက်ပစ္စည်းများ အဆင့်မြင့်၍ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်နှင့် ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်နိုင်ရန် အစဉ် ကြိုးပမ်း ဆောင်ရွက်လျှက် ရှိပါသည်။

 

မြေဆီလွှာစစ်ဆေးခြင်း (Soil Testing)

မြေဆီလွှာ ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် မိမိမြေဆီလွှာ၏ အာဟာရဓာတ်များ တည်ရှိနေမှု အဆင့်အတန်းကို သိရှိ၍ စိုက်ပျိုးသီးနှံ အမျိုးမျိုးအတွက် လိုအပ်မည့် မြေဩဇာ ထောက်ခံချက်များနှင့် လိုအပ်ချက်နှုန်းထားများ တွက်ချက် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ မြေချဉ်ငံခြင်းကို သိရှိ၍ မြေဆီလွှာတွင် လွှမ်းမိုးတည်ရှိနေမည့် သီးနှံပင် အာဟာရများကို ခန့်မှန်းနိုင်မည် ဖြစ်ပါသည်။ မြေဆီလွှာပြဿနာရှိသော မြေများကို ပြုပြင်စိုက်ပျိုးနိုင်မည် ဖြစ်ပါသည်။

မြေစစ်ဆေးနိုင်သည့် အကြောင်းအရာများ

အစိုဓာတ်(Moisture)၊ ချဉ်ငံကိန်း(pH)၊ ရေပျော်ဆား (Electrical Conductivity_ EC)၊ မြေသားအနုအကြမ်း (Texture)၊ မြေသားသိပ်သည်းမှု (Bulk Density)၊ နိုက်ထရိုဂျင် (Total N)၊ သီးနှံပင် အသုံးပြုနိုင်သော ဖော့စဖိတ် (Available P)၊ ဓာတ်ဖို အိုင်းယွန်းများ (Cations_ Potassium (K+), Calcium (Ca++), Magnesium (Mg++), Sodium (Na+), အနည်းလို အာဟာရဓာတ်များ (Micro nutrients_ Iron (Fe++), Zinc (Zn++), Manganese (Mn++), Copper (Cu++), Boron (B) နှင့် Sulfur (SO4) အစရှိသည်တို့ကို စစ်ဆေးပေးလျှက် ရှိပါသည်။

စိုက်ပျိုးရေအရည်အသွေးစစ်ဆေးခြင်း (Irrigation Water Quality Testing)

ရေတွင်ပါဝင်သည့် အာဟာရဓာတ်များသည် သီးနှံစိုက်ပျိုးရာတွင် များစွာလွှမ်းမိုးလျှက် ရှိပါသည်။ စိုက်ပျိုးရေ၏ ရေ အရည်အသွေး (Irrigation Water Quality) စစ်ဆေးခြင်းဖြင့် ရေ၏ ချဉ်ငံကိန်း၊ ပါဝင်နေသည့် ဒြပ်စင်များ၊ သွင်းရေ၏ အရည်အသွေး သတ်မှတ်ချက်များဖြစ်သော ဆိုဒီယမ်ပါဝင်နေမှုအချိုး၊ ရေတွင် လွှမ်းမိုး တည်ရှိနေတတ်သည့် ဆိုဒီယမ် ကာဗွန်နိတ်များကို သိရှိနိုင်ပါသည်။ သွင်းရေ၏ အရည်အသွေးပေါ်မူတည်၍ ရေသွင်းနည်းစနစ်အမျိုးမျိုးကို ပြောင်းလဲကျင့်သုံးနိုင်မည်၊ ပြုပြင်စိုက်ပျိုးခြင်းများ ပြုလုပ်နိုင်ပါမည်။

ရေစစ်ဆေးနိုင်သည့် အကြောင်းအရာများ

ချဉ်ငံကိန်း (pH)၊ ရေပျော်ဆား (Electrical Conductivity_ EC)၊ နိုက်ထရိုဂျင် (Total N)၊ ဖော့စပရပ်စ် (Total P)၊ ဓာတ်ဖိုအိုင်းယွန်းများ (Cations_ Potassium (K+), Calcium (Ca++), Magnesium (Mg++), Sodium (Na+)၊ ဓာတ်မအိုင်းယွန်းများ (Anions_ Bicarbonate (HCO3), Carbonate (CO3),Chloride (Cl), Sulphate(SO4)၊ Sodium Absorption Ratio (SAR)၊ Residual Sodium Carbonate (RSC) နှင့် အနည်းလို အာဟာရဓာတ်များကို မြေဆီလွှာများနည်းတူ စစ်ဆေးပေးလျှက် ရှိပါသည်။

အာဟာရဓာတ်များစစ်ဆေးခြင်း (မြေဩဇာအမျိုးမျိုးနှင့် သီးနှံပင်အစိတ်ပိုင်းများ)

မြေဩဇာအမျိုးမျိုးနှင့် သီးနှံပင်အမျိုးအစားအလိုက် ပါဝင်သော အာဟာရဓာတ်များကို စစ်ဆေးခြင်းသည် သီးနှံပင်၏ အာဟာရဓာတ် လိုအပ်ချက်ကို ခန့်မှန်းနိုင်သကဲ့သို့ ထပ်မံ ထည့်သွင်းရန် လိုအပ်မည့် မြေဩဇာအမျိုးအစား၊ အရည်အသွေး၊ နှုန်းထား၊ ထည့်သွင်းသည့် အချိန်၊ နေရာ အစရှိသည်တို့ကို မှန်ကန်စွာ  ရွေးချယ်နိုင်ပါသည်။ ချိန်ညှိ လုပ်ကိုင် ဆောင်ရွက်နိုင်သည်။ သီးနှံ အစိတ်အပိုင်းများအား လက်ရှိ အခြေအနေတွင် စစ်ဆေးနိုင်ခြင်း မရှိသေးပါ။

မြေဩဇာတွင်စစ်ဆေးနိုင်သည့် အကြောင်းအရာများ

မြေဩဇာအမျိုးမျိုး (ဓာတ်မြေဩဇာ၊ သဘာဝ၊ ရွက်ဖျန်း) တွင်ပါဝင်သော အာဟာရဓာတ်များဖြစ်သည့် (N)၊ (P)၊ (K)၊ (Ca)၊ (Mg)၊ (OM)၊ (S)နှင့် Micronutrients စစ်ဆေးနိုင်ပါသည်။

စစ်ဆေးရာတွင် ဖြည့်သွင်းပေးပို့သင့်သည့်အချက်အလက်များနှင့်စမ်းသပ်ခများ

နမူနာများပေးပို့ရာတွင် အချက်အလက်များပြည့်စုံစွာ ဖော်ပြပေးခြင်းဖြင့် လုပ်ငန်းများ ထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။ မြေ၊ ရေ၊ မြေဩဇာနမူနာများ ပေးပို့ရာတွင် ဖော်ပြ ဖြည့်စွက်သင့်သည့်ပုံစံများ နှင့် စမ်းသပ်ခများကို အောက်တွင်  လေ့လာနိုင်ပါသည်။

(က) မြေဆီလွှာပေးပို့ရာတွင် ဖြည့်စွက်ရမည့်ပုံစံ (Soil Sample Description Format pdf)

(ခ)   ရေပေးပို့ရာတွင် ဖြည့်စွက်ရမည့်ပုံစံ (Water Sample Description Format pdf )

(ဂ)   မြေဩဇာပေးပို့ရာတွင် ဖြည့်စွက်ရမည့်ပုံစံ (Fertilizer Sample Description Format pdf)

(ဃ) စမ်းသပ်ခနှုန်းထားများ (Soil,Water,Fertilizer-Testing-Price pdf)

အဆိပ်အတောက်ပစ္စည်းများစစ်ဆေးခြင်း (Heavy Metal Testing)

အဆိပ်အတောက်ပစ္စည်းများ (Heavy Metals_ Arsenic (As), Cadmium (Cd), Lead (Pb), Nickel (Ni) သည် လူနှင့်ပတ်ဝန်းကျင်တွင် တည်ရှိနေနိုင်ပါသည်။ မြေ၊ ရေ၊ မြေဩဇာ နမူနာများတွင် မည်မျှပါဝင်သည်ကို စစ်ဆေးခြင်းဖြင့် လုံခြုံစိတ်ရသော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်မည်။ ပြည်တွင်းစားသုံးရန် သာမက ပြည်ပသို့တင်ပို့နိုင်၍ ရေရှည်တည်တံ့သော စိုက်ပျိုးရေး ထုတ်လုပ်မှုစနစ်ကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ မြေအသုံးချရေးဓါတ်ခွဲခန်း၊ မန္တလေးတွင် Heavy Metal များနှင့် အနည်းလို အာဟာရဓါတ်များကို Atomic Absorption Spectroscopy (AAS) နှင့် UV- Spectroscopy တို့ဖြင့် စစ်ဆေးစမ်းသပ်ပေးလျှက် ရှိပါသည်။

နမူနာပေးပို့ရာတွင်လိုက်နာဆောင်ရွက်ရမည့်အချက်များ

မြေ၊ ရေ၊ မြေဩဇာများနမူနာရယူပုံ၊ အချိန်၊ နေရာ၊ ပမာဏ နှင့် ကိုယ်စားပြု နမူနာများ ဖြစ်ခြင်း သည် ဓါတ်ခွဲစစ်ဆေးချက်နှင့်ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းများစွာအတွက် လွန်စွာအရေးပါလှပါသည်။ သို့ဖြစ်၍ မှန်ကန်သည့် နည်းလမ်းများဖြင့် နမူနာရယူနိုင်ရန်အရေး ကြီးလှပါသည်။ အသေးစိတ် လမ်းညွှန်ချက်များကို ဤနေရာတွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

(ဓါတ်ခွဲစစ်ဆေးရန် မြေ၊ ရေ၊ မြေဩဇာ စနစ်တကျရယူနည်း) How-to-collect-soil-water-and-fertilizer-for-analysis.pdf

မြေနမူနာအရေအတွက်များစွာစစ်ဆေးခြင်းလုပ်ငန်း

မြေနမူနာ အရေအတွက်များစွာ၏ မြေဆီလွှာ အဆင့်အတန်းများကို အချိန်တိုအတွင်း သိရှိရန် လိုအပ်သည့် စီမံကိန်းများ၊ သုတေသနလုပ်ငန်းများ၊ ခြံများ၊ မြေပုံထုတ်လိုသည့် အဖွဲ့ အစည်းများတွင် ပုံမှန် ဓါတ်ခွဲစမ်းသပ်သည့်လုပ်ငန်း (ဓါတ်ခွဲဆေးရည်များဖြင့်ဆောင်ရွက်) (Routine Analysis_ Wet Chemistry) အပြင် ဓါတ်ခွဲဆေးရည်များ သုံးစွဲရန်မလိုသော (Dry Chemistry) Mid Infra Red(MIR) ဖြင့် မြေဆီလွှာ၏ပုံရိပ်များ (Scan) တိုင်းတာပေးခြင်း၊ Ion Selective Electrode (ISE)(especially K) ဖြင့် ပိုတက်စီယမ် တိုင်းတာခြင်းစသည့် ဝန်ဆောင်မှုများ လုပ်ကိုင် ဆောင်ရွက်ပေးလျှက်ရှိပါသည်။

စစ်ဆေးတွေ့ရှိချက်များပြန်လည်ပေးပို့ခြင်း

ပေးပို့သည့် မြေနမူနာများ၏ အစိုဓါတ် အနေအထားပေါ် မူတည်၍ စစ်ဆေးချိန် ကွာခြားမှု ရှိနိုင် ပါသည်။ ပုံမှန်စစ်ဆေးနိုင်သော မြေနမူနာများနှင့် မြေဩဇာ နမူနာများအား ရက်သတ္တပတ် (၂-၃) ပတ် အတွင်း ပြန်ကြားပေးပို့နိုင်ရန် လုပ်ဆောင်လျှက်ရှိပါသည်။ ပေးပို့သည့်နမူနာတွင် ဖြည့်စွက်ဖေါ်ပြသည့် အချက်အလက်များကို အခြေခံ၍ စာဖြင့် အကြောင်းပြန်ခြင်း (MGL)၊ Email ဖြင့် အကြောင်းပြန်ခြင်းများကို ပေးပို့သူတို့၏ တောင်းဆိုချက်အတိုင်း ပြုလုပ်ဆောင်ရွက်ပေးလျှက် ရှိပါသည်။

နည်းပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း

ဓါတ်ခွဲလုပ်ငန်းများအပြင် ဌာနဆိုင်ရာ စီမံကိန်းလုပ်ငန်းများ၏ မြေစစ်ဆေးချက် ရလာဒ်များနှင့် ဆက်စပ်လျှက်ရှိသော နည်းပညာပြန့်ပွားရေး လုပ်ငန်းများကိုလည်း အခါအားလျှော်စွာ လုပ်ကိုင်ဆောင်ရွက် နေပါသည်။

စိုက်ပျိုးနည်းပညာပေးရေး လုပ်ငန်းများအဖြစ် ဝန်ထမ်းစွမ်းဆောင်ရည် သင်တန်းများ၊ အဆင့်မြင့် စုံစမ်းစစ်ဆေးရေးမှူးများ သင်တန်း (Inspector Training) စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ နှင့်သက်ဆိုင်သော မြေဆီလွှာ၊ မြေဩဇာနှင့် ဆက်နွယ်သည့် သင်တန်းများ (GAP Training) ကို မြေအသုံးချရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး၏ လမ်းညွှန်ချက်များဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်လျှက်ရှိ ပါသည်။

လှုပ်ရှားမှုဓာတ်ပုံများ (MDY_ LAB_ Activity_ Photo)

မြေနမူနာ ဓါတ်ခွဲစမ်းသပ်ရာတွင် အသုံးပြုသော နည်းလမ်းများ

ရေနမူနာ ဓါတ်ခွဲစမ်းသပ်ရာတွင် အသုံးပြုသော နည်းလမ်းများ

မြေသြဇာနမူနာ ဓါတ်ခွဲစမ်းသပ်ရာတွင် အသုံးပြုသော နည်းလမ်းများ