မြေဆီလွှာထိန်းသိမ်းရေး၊ မြေဆီလွှာပြုပြင်ရေးနှင့် မြေဆီလွှာအာဟာရ ဖွံ့ဖြိုးထက်သန်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး Virtual Meeting စနစ်ဖြင့် ကျင်းပ

ပြောင်းလဲလာသော ရာသီဥတုနှင့်ကိုက်ညီ၍ ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးကဏ္ဍ ဖော်ဆောင်ရေးအတွက် သဘာဝမြေဩဇာပြုလုပ်သုံးစွဲမှုပိုမိုဖွံ့ဖြိုးလာစေရေး တွန်းအားပေး ဆောင်ရွက်ကြရန်၊ မြေဩဇာစစ်ဆေးရေးလုပ်ငန်းများတွင်  တည်ဆဲမြေဩဇာဥပဒေ နှင့် အညီ တိတိကျကျ ကြပ်မတ်ထိန်းကျောင်းပေးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၏ အကျိုး စီးပွား ၊ စားသုံးသူပြည်သူများ၏ ဘေးကင်းလုံခြုံမှုကို အကျိုးပြုပေးကြရန် တိုက်တွန်းပါကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့ က Virtual Meeting စနစ်ဖြင့် ကျင်းပသည့်   မြေဆီလွှာ ထိန်းသိမ်းရေး၊ မြေဆီလွှာပြုပြင်ရေး နှင့် မြေဆီလွှာအာဟာရ ဖွံ့ဖြိုး ထက်သန်ရေး လုပ်ငန်း စဉ်များ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောကြားသည်။           အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့်  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ နှင့် ဒုတိယတိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် မြေအသုံးရေးတာဝန်ခံများ၊ မြေအသုံးချရေး ဌာနခွဲ ဝန်ထမ်းများတက်ရောက်ကြပြီး မြေအသုံးချရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်သူဇာမြင့် က ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြေဆီလွှာထိန်းသိမ်းရေး၊ မြေဆီ လွှာ ပြုပြင်ရေး နှင့် မြေဆီလွှာ အာဟာရ ဖွံ့ဖြိုးထက်သန်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြသည်။

တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ် က ဆွေးနွေးမှာကြားရာ၌ ရာသီသီးနှံ၊ နှစ်ရှည်သီးနှံ နှင့် ဟင်းသီးဟင်းရွက်များအတွက် မြေသြဇာသုတေသနပြုလုပ် ဆောင်ရွက် ရာ၌ ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားရန်၊ ပြောင်းလဲလာသော ရာသီ ဥတု အရ လိုအပ်ချက်ဖြစ်လာသည့် လယ်ယာသစ်တောရောနှောစိုက်ခင်း Agroforestry စနစ်ကို ရေမြေဒေသအလိုက် သင့်တော်သည့် ဒီဇိုင်းများဖြင့် ဆောင်ရွက်သွားရန် လိုအပ်လျက် ရှိကြောင်း၊ မြေဩဇာစစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်ရာ၌ သတ်မှတ်ထားသည့် ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်ခြင်းမရှိသည့် ကိစ္စရပ်များ စစ်ဆေးတွေ့ရှိပါက တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပေးအပ်ထားသည့် အခွင့်အာဏာနှင့်အညီ အရေးယူ ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ချက်များကို ရုံးချုပ်သို့အချိန်နှင့်တပြေးညီသတင်းပေးပို့ကြရန် ဆွေးနွေး ပြောကြားသည်။

ထို့နောက် အွန်လိုင်းစနစ်ဖြင့် အစည်းအဝေးတွင် ပါဝင်တက်ရောက်ကြသည့် ဒုတိယ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် မြေအသုံးရေး တာဝန်ခံများ က ဒေသအလိုက်ဆောင်ရွက်ချက်များ နှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို တင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဖြည့်ဆည်း ဆွေးနွေးခဲ့ကြသည်။

မြေအသုံးချရေးဌာနခွဲ အနေဖြင့် တောင်သူနည်းပညာပေးလုပ်ငန်းများ နှင့် မြေသြဇာ စစ်ဆေးရေး လုပ်ငန်းများကို မြေဩဇာဥပဒေနှင့်အညီဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံအလိုက် အထွက်နှုန်းတိုးတက်ရေး နှင့် တောင်သူ့ဝင်ငွေတိုးတက်ရေး အတွက်  မြေဆီလွှာဖွံ့ဖြိုး ထက်သန် ရေး လုပ်ငန်းများ၊ စိုက်ကွင်း၏ မြေဆီလွှာဓါတ်ခွဲအဖြေများအရ  သင့်တော်သည့် သီးနှံနှင့် မြေဆီ သြဇာ အချိုးနှုန်းထားများ အကြံပြုပေးခြင်းလုပ်ငန်းများ ၊ မြေဩဇာသုံးစွဲမှု နှုန်းထား စမ်းသပ် ကွက်၊ စံပြကွက်များ ဆောင်ရွက်ခြင်းနှင့် ပြောင်းလဲ သက်ရောက်လျက်ရှိသော ရာသီဥတု နှင့် ကိုက်ညီ ၍ ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးကဏ္ဍ ဖော်ဆောင်ရေးအတွက် သဘာဝ မြေဩဇာ များ အမြောက်အများပြုလုပ်သုံးစွဲရေးကို နည်း ပညာ ပြန့်ပွားရေး လုပ်ငန်းများ နှင့်အတူ တွန်း အားပေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Source: https://www.agri.com.mm/12500-2/