မြေဩဇာကော်မတီ၏ ( ၃၂ ) ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြေဩဇာကော်မတီ၏ (၃၂)ကြိမ်မြောက် အစည်းအဝေး ကို နိုဝင်ဘာလ (၁၈)ရက် နံနက် (၁၀)နာရီက Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြေဩဇာကော်မတီ ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ကော်မတီဝင်များ က Zoom Application ဖြင့် တက်ရောက်ဆွေးနွေး ကြသည်။အစည်းအဝေး တွင် မြေဩဇာကော်မတီ အတွင်းရေးမှူး စိုက်ပျိူးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရန် ကိစ္စရပ်များအား တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသည့် မြေဩဇာကော်မတီ ဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ က လုပ်ငန်းကဏ္ဍတစ်ခုချင်းအပေါ် ဆွေးနွေး ဆောင်ရွက် ခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် မြေဩဇာကော်မတီ၏ (၃၂)ကြိမ်မြောက် အစည်းအဝေး တွင် စိုက်ပျိုးရေး သွင်းအားစု မြေဩဇာများကို တောင်သူများ ဈေးနှုန်းသက်သာစွာ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ရန် Mobile Bagging Machine ဖြင့် မြေဩဇာ ထုတ်လုပ်ခွင့်ပြုပေးနိုင်ရေး၊ ထုတ်လုပ်ခွင့်လက်မှတ်အတွက် သတ်မှတ်နှုန်းထား နှင့် သက်တမ်းသတ်မှတ်ရန်ကိစ္စရပ်များ၊ မြေဆီလွှာ ရေရှည် ဖွံ့ဖြိုးထက်သန် ရေး အတွက် အကျိုးရှိသည့် Soil Amendment နှင့်  Biochar များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်စေရန်  Biochar ၏ အဓိပ္ပါယ်နှင့် စံချိန် စံညွှန်း သတ်မှတ်ရန်များ၊ လတ်တလောတွင် Biochar ၏ Heavy  Metal ပါဝင်မှုကို စစ်ဆေး ပြီး စိုက်ပျိုးရေးသုံး အထောက်အကူပြု ပစ္စည်းအဖြစ် ထောက်ခံချက်ပေးရန်ကိစ္စရပ်များ၊  Ammonium Nitrate အခြေခံသည့် N : 28 % နှင့်အထက် ပါဝင်သော ကွန်ပေါင်း မြေဩဇာ များ ကို မှတ်ပုံတင်လျှောက်ထားရာတွင် အသုံးပြုသည့် ကုန်ကြမ်း Source of Nutrient ကို အထောက် အထားနှင့် တင်ပြလာသည့်အပေါ်  စိစစ်ရန်ကိစ္စရပ်များ၊ အပြစ်ပေး အရေးယူ ထား သည့် ကုမ္ပဏီများကို မြေဩဇာဥပဒေအရ အရေးယူထားပြီး ဖြစ်သည့် အတွက် လုပ်ထုံး လုပ်နည်း နှင့်အညီ ဆောင်ရွက်ပါက ခွင့်ပြုနိုင်ရန် ကန့်သတ်ချက်များ ထုတ်ပြန် ပေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။

မြေဩဇာများ အွန်လိုင်းစနစ်နှင့် မှတ်ပုံတင် လျှောက်ထားခြင်း၊ တင်သွင်း၊ တင်ပို့ခွင့် ထောက်ခံချက် လျှောက်ထားခြင်း စသည့် လုပ်ငန်းများကို https://mairs.doa.gov.mm/ တွင် ဝင်ရောက်၍ အွန်လိုင်းပေါ်မှ အလွယ်တကူ ဆောင်ရွက်နိုင်ကြရန် စိုက်ပျိုးရေး သွင်းအားစုများ အား အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်း (Myanmar Agricultural Imports Registration System – MAIRS)ကို ရှေ့ပြေးစမ်းသပ် ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်သူများ အားလုံးတို့က ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ညွှန်ကြားရေး မှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။

ပြည်ပမှတင်သွင်းလာသည့် မြေဩဇာများကို အကောက်ခွန်ဦးစီးဌာန နှင့် ပူးပေါင်း၍ Custom Clearance အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများကို ဖြေလျှော့ ဆောင်ရွက်လျက်ရှိကြောင်း၊  လက်ရှိဆောင်ရွက်နေသည့် After Declaration Pattern အစား After Release Order Pattern ဖြင့် Import Declaration တင်သွင်း၍ ဆိပ်ကမ်းတွင်  မြေဩဇာနမူနာ ကောက်ယူ ရာ၌ Straight Fertilizer များကို  ဌာနက နမူနာမကောက်ယူဘဲ ကုန်တင်သွင်းသူမှ မြေဩဇာ နမူနာ (Sample) ပေးပို့စစ် ဆေးရန် ဖြေလျှော့ဆောင်ရွက်လျက်ရှိကြောင်း၊ Covid 19 ကာလ အတွင်း ဆက်သွယ်ဆောင်ရွက်မှု အခက်အခဲများလျော့ချနိုင်ရန် စီစဉ်ထားရှိကြောင်း ၊ ယခု အစည်း အဝေးတွင်  မြေဩဇာ တင်သွင်း၊ ထုတ်လုပ်မှတ်ပုံတင်လျှောက်လွှာ (၃၇၄)စောင်ကို  မှတ်ပုံတင်ခွင့်ပြုပေးခဲ့ပြီး၊ ရက်ပေါင်း(၉၀)ကျော်လွန်သည်အထိ သက်တမ်းတိုး လျှောက်ထားခြင်း မရှိသည့် မြေဩဇာများကိုလည်း မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ရန် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။