မြေဩဇာကော်မတီ၏ (၃၄) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

မြေဩဇာ အရည်အသွေး ပြည့်ဝမှန်ကန်ရေးလုပ်ငန်းများ ကြပ်မတ် ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသရေမြေရာသီအလိုက် သီးနှံအလိုက် လိုအပ်ချက် အပေါ်မူတည်၍ ဓါတုမြေဩဇာ နှင့် သဘာဝ မြေဩဇာများ အချိုးညီ ရောစပ် အသုံးပြုရေး၊ သစ်စိမ်းမြေဩဇာ အပါအဝင် တောင်သူများ အလွယ်တကူ ပြုလုပ် သုံးစွဲနိုင်ပြီး သီးနှံအရည်အသွေး နှင့် အထွက်နှုန်းကောင်းမွန်စေမည့် သဘာဝ မြေဩဇာပြုလုပ်သုံးစွဲနည်းများ နှင့် မြေဆီလွှာ ဖွံ့ဖြိုးရေး နည်းပညာ ၊ အသိပညာ ပြန့်ပွားရေး လုပ်ငန်းများ တိုးမြှင့် ‌ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက်ပိုင်းက  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် မြေဩဇာကော်မတီ၏ (၃၄)ကြိမ်မြောက် အစည်းအဝေးတွင် မြေဩဇာကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ မြေဩဇာကော်မတီအဖွဲ့ဝင်များ နှင့် မြေဩဇာ ကျွမ်းကျင်ပညာရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး အတွက် အရည်အသွေးပြည့်ဝပြီး စံချိန် စံညွှန်း ကိုက်ညီသော မြေဩဇာများကို အကျိုးရှိစွာ သုံးစွဲနိုင်ကြစေရန် မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့၏ စိစစ်ထောက်ခံချက်ကို အခြေခံ၍ သက်ဆိုင်ရာ ဌာနများ ပေါင်းစပ် ဖွဲ့စည်းဆောင်ရွက်သည့် မြေဩဇာကော်မတီ အစည်းအဝေးများမှ စိစစ် ဆွေးနွေး ဆောင်ရွက်ခဲ့ရာ (၃၃)ကြိမ်မြောက် အစည်းအဝေးအထိ မြေဩဇာ တင်သွင်း၊ တင်ပို့ ၊ ထုတ်လုပ် မှတ်ပုံတင် စုစုပေါင်း (၈၇၃၈)စောင်ကို မှတ်ပုံတင် ခွင့်ပြုပေးနိုင်ခဲ့ပြီးဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် မြေဩဇာဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် တောင်သူများ မြေဩဇာတွေကို ဈေးနှုန်း သက်သာစွာဖြင့် သုံးစွဲနိုင်ကြစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြန်မာ့ရေနံနှင့်ဓါတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားမြေဩဇာများကို တိုင်းဒေသကြီး ပြည်နယ်အလိုက် စိုက်ဧရိယာအပေါ် မူတည်ကာ ခွဲတမ်းများသတ်မှတ်၍ ဒေသဆိုင်ရာအစိုးရအဖွဲ့များ၏  စီမံမှုဖြင့် တောင်သူများထံ တိုက်ရိုက်ဖြန့်ဖြူးပေးလျက် ရှိသည်။

မြေဩဇာများ ထုတ်လုပ်၊ တင်သွင်းခြင်း လုပ်ငန်းများအတွက် လွယ်ကူ လျင်မြန်စွာ မှတ်ပုံတင်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန က MAIRS Online System ဖြင့် မှတ်ပုံတင်လျှောက်ထားခြင်း ကို ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ် ထားသော စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် လျှောက်လွှာများကို မှတ်ပုံတင် ခွင့်ပြု လက်မှတ်များ Online မှ ထုတ်ယူရရှိနိုင်ရေးကိုလည်း ဆောင်ရွက်လျှက်ရှိသည်။ အလားတူ မြေဩဇာတင်သွင်းထောက်ခံချက်များကိုလည်း Online မှ ဆောင်ရွက်ပေးလျက်ရှိသည်။

မြေဩဇာများတင်သွင်းရာတွင် လုပ်ငန်းလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ဖြေလျော့မှု အနေဖြင့် ထုပ်ပိုးပစ္စည်း၌ ပြည်ပမူရင်းနိုင်ငံ၏ အမှတ်တံဆိပ်ပါ Original Bag များတွင် မြေဩဇာအမည်နှင့် ပါဝင်သောအာဟာရဓါတ် အချိုးအစားကို အလွယ်တကူ စစ်ဆေးနိုင်ရန် အင်္ဂလိပ် ဘာသာဖြင့်ဖော်ပြ၍ တင်သွင်းခွင့်ပြုခဲ့ပြီး ပြည်တွင်းသို့ ရောက်ရှိလာမှသာ မြန်မာဘာသာ အညွှန်းစာပါ အိတ်ခွံများအတွင်း ထည့်သွင်းရောင်းချနိုင်ရေး ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။