မြေဩဇာကော်မတီ၏ (၄၀) ကြိမ်မြောက် အစည်းအဝေးကျင်းပ

           မြေဩဇာကော်မတီ‌ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင်  စိုက်ပျိုးရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု ပိုမို တိုးတက်စေရန်နှင့် သွင်းအားစုများကို ထိထိရောက်ရောက် အသုံးပြုနိုင်ရန် လိုအပ်ကြောင်း၊ မြေဆီလွှာကျန်းမာရေး ရေရှည်ကောင်းမွန်တိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက် လျောညီထွေသည့် စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရန်အတွက်  ဓာတ်မြေဩဇာနှင့် သဘာဝ မြေဩဇာကို အချိုးကျပေါင်းစပ် သုံးစွဲရန်လိုအပ်ကြောင်း၊  သစ်စိမ်းမြေဩဇာ ပြုလုပ်သုံးစွဲရေးနှင့် နေရာဒေသနှင့် သီးနှံပုံစံ တို့ကိုလိုက်ပြီး ဘက်စုံအပင်အာဟာရစီမံခန့်ခွဲခြင်း နည်းလမ်းများကို တောင်သူ လက်ဝယ်ရရှိရေး အတွက် နည်းပညာပေးလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်ပေး လျက်ရှိသလို လုပ်ငန်းရှင် များမှလည်း သဘာဝမြေဩဇာထုတ်လုပ်မည့် စီမံချက်များရေးဆွဲပြီး သဘာဝမြေဩဇာများ ထုတ်လုပ်ရန် အားပေးကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်ခြင်းဖြင့် သွင်းအားစု ကုန်ကျစရိတ် သက်သာစေပြီး မြေဆီလွှာကိုလည်း ရေရှည်ကောင်းမွန်တိုးတက်စေမည်ဖြစ်ပါ ကြောင်း၊  ရှင်ရဲထွဋ်ကုမ္ပဏီလီမိတက်၏ ဂျပန်နိုင်ငံမှ တင်သွင်းမည့် Himalayan Rock Salt အား Reduction Powder Fertilizer မြေပြုပြင်မြေဩဇာအဖြစ် လျှောက်ထားလာခြင်းနှင့်ပတ်သက်ပြီး နည်းပညာအဖွဲ့၏ ဆွေးနွေး ချက်များအပေါ်  ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း၊  ထပ်မံပြီး  စိုက်ပျိုးရေးလုပ်ငန်းများတွင် ရာသီချိန်မီ တောင်သူများ လိုအပ်လျက်ရှိသည့် မြေဩဇာများကို တင်သွင်းနိုင်ရန် ကြိုတင် ခွင့်ပြုမိန့်ပေးထားခြင်းများရှိသဖြင့် မြေဩဇာကော်မတီမှ အတည်ပြုစေလို ကြောင်း၊ မြန်မာ နိုင်ငံအတွင်း သုံးစွဲနေသည့် မြေဩဇာများ အရည်အသွေးနှင့် စံချိန်စံညွှန်း ကိုက်ညီရန် မြေဩဇာကော်မတီသည် မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့၏ စိစစ်ထောက်ခံချက်နှင့် မြေဩဇာ မှတ်ပုံတင်များကို ထုတ်ပေးလျက်ရှိပါကြောင်း၊ မြေဩဇာကော်မတီအစည်းအဝေး ပြုလုပ်ခဲ့ သည်မှာ ယနေ့အထိ အကြိမ်(၄၀)ရှိပြီး (၃၉)ကြိမ်မြောက် အစည်းအဝေးအထိ မှတ်ပုံတင် စုစုပေါင်း (၁၀၅၉၇) စောင်ကို ခွင့်ပြုပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ဆွေးနွေးမည့် အမှာစာများအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးရန် တိုက်တွန်းပြောကြား ပါသည်။

             မြေသြဇာကော်မတီအဖွဲ့ဝင်၊  စိုက်ပျိုးရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူးမှ  (၃၉)ကြိမ်မြောက် မြေဩဇာကော်မတီအစည်းအဝေးအထိ ခွင့်ပြုထားခဲ့သည့် မြေဩဇာမှတ်ပုံတင် လက်မှတ်ပေါင်း (၁၀၅၉၇)ခုအနက် သက်တမ်းလွန်၍ စာရင်းမှ ပယ်ဖျက်ခြင်း၊ ကာယကံရှင်ဆန္ဒအရ ဖျက်သိမ်းသည့် အရေအတွက်မှာ(၄၃၅၂)ခု ရှိပြီး၊ (၃၉)ကြိမ်မြောက် မြေဩဇာကော်မတီ အစည်းအဝေးထိ စုစုပေါင်း မြေဩဇာမှတ်ပုံတင် လက်မှတ်ပေါင်း (၆၂၄၅)ခု ကျန်ရှိပါကြောင်း တင်ပြပါသည်။

          အတည်ပြုဆုံးဖြတ်ရန် အမှာစာများကို တင်ပြရာတွင် အမှာစာ(၁)အနေဖြင့် မြေဩဇာ ထုတ်လုပ်ခွင့် (၁၆၃)စောင်နှင့် တင်သွင်းခွင့် (၃၀၂) စောင်၊ စုစုပေါင်း(၄၆၅)စောင်တွင် အမျိုးအစား အလိုက် Urea (၄၁) စောင်၊ Ammonium Sulphate (၁၁)စောင်၊ Nitrogen (၇)စောင်၊ Phosphate (၉)စောင်၊ Potassium (၁၃)စောင်၊ Compound (၁၉၇)စောင်၊ Organic (၃၁)စောင်၊ Gypsum (၃)စောင်၊ Foliar (၁၃၆)စောင်နှင့် Other (၁၇)စောင်တို့အား ဓါတ်ခွဲစစ်ဆေးပြီး နည်းပညာအဖွဲ့ဝင် များမှ စိစစ်ထောက်ခံတင်ပြလာပါကြောင်း၊ မြေဩဇာကော်မတီဝင်များမှ မှတ်ပုံတင်ခွင့်ပြုပေးရန် သင့်/ မသင့် ဆွေးနွေးဆုံးဖြတ်ပေးပါရန် တင်ပြချက်အပေါ် မြေဩဇာကော်မတီအဖွဲ့ဝင်များမှ  စိစစ်ပြီး အတည်ပြုခွင့်ပြုကြောင်း ဆွေးနွေးဆုံးဖြတ်ကြပါသည်။

          ဆက်လက်၍ မြေဩဇာကော်မတီအဖွဲ့ဝင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ကုမ္ပဏီ(၃၇)ခု၏ ထုတ်လုပ် ရွက်ဖျန်းမြေဩဇာ(၂၇)စောင်နှင့် တင်သွင်းရွက်ဖျန်းမြေဩဇာ (၁၀၉) စောင်၊ စုစုပေါင်း(၁၃၆)စောင်အား မှတ်ပုံတင်ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံး၊ လုပ်နည်းများ နှင့်အညီ စမ်းသပ်ကွက်များ ဆောင်ရွက်ရာတွင် သီးနှံများအရည်အသွေး ပိုမိုကောင်းမွန်မှုရှိခြင်း၊ သီးနှံများ အထွက်နှုန်း သာလွန်ကောင်းမွန်မှုရှိခြင်း၊ သီးနှံများထိခိုက်လောင်ကျွမ်းမှုမရှိခြင်း၊ စီးပွားရေး တွက်ချေကိုက်မှုရှိခြင်းတို့ကြောင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး တင်ပြချက်အပေါ် မြေဩဇာ ကော်မတီအဖွဲ့ဝင်များမှ  စိစစ်အတည်ပြုခွင့်ပြုကြောင်း ဆွေးနွေးဆုံးဖြတ်ကြပါသည်။

          အမှာစာ(၂)အား ဆက်လက်တင်ပြရာတွင် မြေဩဇာမှတ်ပုံတင် သက်တမ်းတိုးခြင်းနှင့် ပတ်သက်၍ မြေဩဇာဥပဒေ၊ ပုဒ်မ(၁၀)အရ မြေဩဇာလုပ်ငန်း ဆက်လက်လုပ်ကိုင်ရန်အတွက်  သတ်မှတ်ချက်များနှင့်အညီ ကုမ္ပဏီပေါင်း(၁၀၇)ခုမှ ထုတ်လုပ်ခွင့်မှတ်ပုံတင် (၂၀၁)စောင်နှင့် တင်သွင်းခွင့်မှတ်ပုံတင် (၃၄၆)စောင်၊ စုစုပေါင်း(၅၄၇)စောင်အား သက်တမ်းတိုးခွင့်ပြုပါရန် တင်ပြချက် အပေါ်  မြေဩဇာကော်မတီဝင်များမှ စိစစ်ပြီး ခွင့်ပြုကြောင်း ဆုံးဖြတ်ကြပါသည်။

          ဆက်လက်၍ အမှာစာ(၃)အားတင်ပြရာတွင် ကုမ္ပဏီ(၃၀)ခုမှ ထပ်မံတင်သွင်းခြင်း၊ ထုတ် လုပ်ခြင်းနှင့် ဈေးကွက် အတွင်းရောင်းချခြင်း  မပြုလုပ်တော့သည့် ထုတ်လုပ်ခွင့် မှတ်ပုံတင် (၁၅) စောင်နှင့် တင်သွင်းခွင့်မှတ်ပုံတင် (၇၁)စောင်၊ စုစုပေါင်း(၈၆)စောင်၏ မြေဩဇာမှတ်ပုံတင် လက်မှတ်များအား  ၎င်းတို့၏ သဘောဆန္ဒအရ ပယ်ဖျက်ခွင့်ပြုပါရန် တင်ပြမှုအပေါ်  မြေဩဇာ ကော်မတီဝင်များမှ မြေဩဇာမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခွင့်ပြုပါကြောင်း ဆုံးဖြတ်ကြပါသည်။ ဆက်လက်ပြီး ကုမ္ပဏီ(၄၃)ခုမှ သက်တမ်းတိုးရန်အတွက် ရက်ပေါင်း (၉၀)ကျော်လွန်ပြီး လျှောက် ထားလာခြင်းမရှိသော မြေဩဇာမှတ်ပုံတင်လက်မှတ်များအား ဖျက်သိမ်းခွင့်ပြုပါရန် တင်ပြမှုအပေါ် “ သက်တမ်းရက်ပေါင်း (၉၀) အတွင်း သက်တမ်းတိုးမြှင့်ရန် လျှောက်ထားခြင်း မရှိပါက မှတ်ပုံတင် ထားရှိမှုနှင့် လိုင်စင်ခွင့်ပြုထားရှိမှုသည် အလိုအလျောက် ပျက်ပျယ်ပြီး ဖြစ်ရန်” ဟူသော မြေဩဇာ ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်လုပ်ခွင့် မှတ်ပုံတင် (၇)စောင်နှင့် တင်သွင်းခွင့် မှတ်ပုံတင် (၇၇)စောင်၊ စုစုပေါင်း(၈၄)စောင်အား မြေဩဇာမှတ်ပုံတင်စာရင်းမှ ဖျက်သိမ်းခွင့် ပြုပါကြောင်း မြေဩဇာကော်မတီဝင်များမှ ဆွေးနွေးဆုံးဖြတ်ကြပါသည်။

          ဆက်လက်၍ မြေဩဇာကော်မတီအဖွဲ့ဝင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ အမှာစာ(၄)အား ဆက်လက် တင်ပြရာတွင် ရှင်ရဲထွဋ် ကုမ္ပဏီလီမိတက်၏ ဂျပန်နိုင်ငံ ME Link Co., Ltd. မှ တင်သွင်းမည့်  Himalayan Rock Salt အား Reduction Powder Fertilizer မြေပြုပြင် ဓာတ်မြေဩဇာအဖြစ် တင်သွင်းခွင့်မှတ်ပုံတင် လျှောက်ထားလာပါကြောင်း၊ Himalayan Rock Salt တွင်အဓိကပါဝင်သည့် အချိုးအစားမှာ  Sodium(Na): 36 % နှင့် Chlorine (Cl):59.96% ဖြစ်ပါ ကြောင်း၊ Himalayan Salt သည် အိမ်သုံးဆားအဖြစ်လည်းကောင်း၊ ကျန်းမာရေးအတွက် Spa လုပ်ငန်း တွင်လည်းကောင်း အသုံးပြုနိုင်သည့် ဈေးနှုန်းမြင့်သော သဘာဝတွင်းထွက် ပစ္စည်း တစ်မျိုးဖြစ်ပါကြောင်း၊ Himalayan Rock Salt  တွင်ပါဝင်သည့် အာဟာရဓာတ် အချိုးအစား များမှာ  Sodium (Na): 36.00 %၊  Chloride (Cl): 59.96 %၊  Phosphorus (P2O5): 0.06 %၊  Potassium (K2O): 0.10 %၊  Caicium (Ca): 0.004 %၊  Magnesium (Mg): 0.001 %၊  Sulphur (S): 0.27 %၊  Iron (Fe): 0.045 %(450 ppm)၊   Copper  (Cu): 0.0003 %(3 ppm)၊  Zinc (Zn): 0.0007 %(7 ppm)၊  Molybdnum (Mo): 0.001 % (10 ppm)၊  Magnese (Mn): 0.002 %(20 ppm)၊  Silica (Si): 65 ppm တို့ဖြစ်ပါကြောင်း တင်ပြပါသည်။

          Himalayan Rock Salt သည် Sodium နှင့် Chlorine အဓိကပါဝင်သဖြင့် ရိုးရိုးဆားပုံစံ ဖြစ်နေပါကြောင်း၊ Sodium Salt ကိုရွက်ဖျန်းအနေဖြင့် Less than 15 ppm ပမာဏဖြင့် အသုံးပြု နိုင်သော်လည်း မြေပြုပြင်ဓာတ်မြေဩဇာအနေဖြင့်သုံးပါက ဆားပေါက်သည့် အန္တရာယ်ရှိနိုင်ကြောင်း၊ Him‌alayan Rock Salt မှာ Purity အရ Edible and Non-Edible ပုံစံနှစ်မျိုးရှိပါကြောင်း၊ ယခု တင်သွင်းချင်သည့်နမူနာသည် Non-Edible ပုံစံဖြစ်နိုင်သောကြောင့် Soil Pollution ဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ နေရာဒေသအများစုတွင် ဆားပေါက်မြေ ပြဿနာရှိသည့်အတွက် Him‌alayan Rock Salt အား မြေပြုပြင်မြေဩဇာအဖြစ် အသုံးပြုပါက မြေဆီလွှာပြဿနာဖြစ်နိုင်သောကြောင့် စမ်းသပ်ကွက်များဆောင်ရွက်ခြင်း၊ Heavy Metal ပါဝင်နိုင်မှု ရှိ/မရှိဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင် ရွက်ပြီးမှသာ မြန်မာနိုင်ငံတွင် အသုံးပြုရန် သင့်တော်မှုရှိမှသာလျှင် တင်သွင်းခွင့်ပြုနိုင်ရေး နည်းပညာ အဖွဲ့၏ ဆွေးနွေးထား ရှိမှုများအား မြေဩဇာကော်မတီဝင်များမှ ဆွေးနွေးဆုံးဖြတ်ပေးနိုင်ပါရန် တင်ပြပါသည်။

          မြေဩဇာကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးမှ Himalayan Rock Salt နှင့်ပတ်သက်၍ အချို့သောနိုင်ငံများတွင် အသုံးပြုလျက်ရှိသည်ကို တွေ့ရှိရပြီး စပါးသီးနှံတွင် အထွက်နှုန်း တိုးတက် စေခြင်း၊ ဆန်အရည်အသွေးနှင့် အနံ့အရသာကောင်းမွန်ခြင်း၊  ပိုးသတ်ဆေး အသုံးပြုမှု လျော့ကျ စေခြင်း၊ အချို့သောပိုးများကို တွန်းလှန်နိုင်သောသတ္တိရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်သော်လည်း လွန်ကဲစွာအသုံးပြုပါက မြေဆီလွှာဆားပေါက်ခြင်း(Soil salinity) ကို ဖြစ်ပေါ်စေခြင်း၊ အာဟာရဓာတ်များ မျှတမှုမရှိခြင်း (Nutrient Imbalance)၊ မြေဆီလွှာရှိ အကျိုးပြုအဏုဇီဝပိုးများအား ထိခိုက်ခြင်း (Harm to Benificial Soil Microorganisms)၊ ရေထုညစ်ညမ်းမှုကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု ရှိခြင်း (Water Contamination) စသည့် ဆိုးကျိုးများရှိနိုင်ကြောင်း ပြောကြားပါသည်။

          မြေဩဇာကော်မတီဝင်များမှ  Himalayan Rock Salt သည်  ပမာဏလွန်ကဲစွာ အသုံးပြု ပါက အန္တရာယ်ဖြစ်နိုင်သဖြင့် ထုတ်ပိုးပစ္စည်း (Packing)တွင် အသုံးပြုမည့်သီးနှံ၊ သုံးစွဲမည့် နည်းစနစ်၊ အသုံးပြုရမည့်နှုန်းထားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းရန်၊ သုတေသနများ ပြုလုပ်ရန် စသည့်အချက်များကို လိုက်နာဆောင်ရွက်ပြီးမှသာလျှင် မြေကြီးထဲသို့ မြေပြုပြင် မြေဩဇာအဖြစ် အသုံးပြုရန်မသင့်ပဲ  Foliar Fertilizer အဖြစ်သာ  မှတ်ပုံတင်ခွင့်ပြုသင့် ကြောင်းနှင့် ကုမ္ပဏီမှ တောင်သူများ သုံးစွဲပုံနည်းစနစ်များ ပညာပေးအစီအစဉ်များတင်ပြရန်၊ မြေအသုံးချရေးဌာနနှင့် စမ်းသပ်ကွက်များ ဆောင်ရွက်ရန်တို့ကို ကုမ္ပဏီအား  အသိပေး အကြောင်း ကြားရန် ဆွေးနွေးဆုံးဖြတ် ကြပါသည်။

          ဆက်လက်၍ အမှာစာ(၅)အနေဖြင့်   တောင်သူလယ်သမားများ အတွက် ရာသီချိန်အမီ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော မြေဩဇာများအား မြေဩဇာတင်သွင်းခွင့် ရရှိရေးအတွက် ကုမ္ပဏီ (၅)ခုမှ မြေဩဇာ (၁၄)မျိုးအား တင်သွင်းခွင့်/ထုတ်လုပ်ခွင့် မှတ်ပုံတင်လက်မှတ် ကြိုတင်ခွင့်ပြုရန် လျှောက်ထားလာပါကြောင်း၊ လိုအပ်သော စာရွက် စာတမ်းအချက်အလက်များနှင့် ဓာတ်ခွဲအဖြေ ကိုက်ညီမှုရှိသည့်အတွက် မြေဩဇာကော်မတီ ဥက္ကဋ္ဌမှ “အရည်အသွေးကိုက်ညီလျှင် ကြိုတင်ခွင့်ပြုပေးပါရန်နှင့် အနီးစပ်ဆုံး အစည်းအဝေးတွင် အတည်ပြုချက်ရယူရန်” ဟု မှတ်ချက်ပြု ထားပါသဖြင့်  Star High Co., Ltd. မှ တင်သွင်းခွင့်မှတ်ပုံတင် (၁)စောင်၊  ရွှေမြန်အောင်ကုမ္ပဏီ လီမိတက်မှ  တင်သွင်းခွင့်မှတ်ပုံတင် (၂) စောင်၊ The ALPS Trading Co., Ltd မှ တင်သွင်းခွင့် မှတ်ပုံတင် (၈)စောင်၊  Than Thar Trading Co., Ltd မှ တင်သွင်းခွင့်မှတ်ပုံတင် (၁)စောင်၊  ဖြူစင်သူကုမ္ပဏီလီမိတက်မှ ထုတ်လုပ်ခွင့်မှတ်ပုံတင် (၂)စောင်အား မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးပြီး ဖြစ်ပါကြောင်းနှင့် မြေဩဇာကော်မတီဝင်များမှ အတည်ပြုပေးနိုင်ပါရန် မြေဩဇာကော်မတီအဖွဲ့ဝင်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ တင်ပြချက်အပေါ် မြေဩဇာကော်မတီအဖွဲ့ဝင်များမှ အတည်ပြု ကြောင်း ဆွေးနွေးဆုံးဖြတ်ပါသည်။

          မြေဩဇာကော်မတီအဖွဲ့ဝင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ အမှာစာ(၆)အား တင်ပြရာတွင် (၃၃)ကြိမ်မြောက် မြေဩဇာကော်မတီအစည်း အဝေးဆုံးဖြတ်ချက်အရ (၂၉.၁၁.၂၀၂၁) ရက်စွဲပါစာအမှတ်-မသခ/ မြေဩဇာ/ ၂၀၂၁ (၁၈၄၈) ဖြင့် “တင်သွင်းခွင့် မှတ်ပုံတင်လက်မှတ် များရှိသည့် Straight Fertilizer, Compound Fertilizer နှင့် Other Fertilizer များကို ကုန်သွယ်မှု လွယ်ကူချောမွေ့ လျင်မြန်စေရန်အတွက် Natural Bag ဖြင့် တင်သွင်းခွင့်ပြုခြင်း”အား သက်တမ်း (၁)နှစ် ဖြေလျှော့ပေးခဲ့ပါကြောင်း၊ ၂၈.၇.၂၀၂၂ နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၆)ကြိမ်မြောက် မြေဩဇာအစည်းအဝေးတွင်လည်း Natural Bag ဖြင့် တင်သွင်းခွင့်အား သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒုတိယအကြိမ် (၁)နှစ်သက်တမ်း ထပ်မံခွင့်ပြုခဲ့ပါကြောင်း၊ ယခုအခါ ဒုတိယအကြိမ် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ပါသဖြင့် မြေဩဇာတင်သွင်းသည့် လုပ်ငန်းရှင်များမှ တတိယအကြိမ် သက်တမ်းတိုးခွင့်ပြုပါရန် တင်ပြလာမှုအပေါ် ကုန်သွယ်မှုလွယ်ကူချောမွေ့ လျင်မြန်စေရန် အတွက်  Natural Bag ဖြင့် တင်သွင်းခွင့်အား (၁)နှစ် ထပ်မံသက်တမ်းတိုးခွင့် ပြုကြောင်း မြေဩဇာကော်မတီဝင်များမှ သဘောတူညီခဲ့ပါသည်။

          နိဂုံးချုပ်အနေဖြင့် မြေဩဇာကော်မတီဥက္ကဋ္ဌမှ ယနေ့ပြုလုပ်သော မြေဩဇာကော်မတီ အစည်းအဝေးသည် အကြိမ်(၄၀)ရှိပြီဖြစ်ပါကြောင်း၊ အားလုံးတက်ကြွစွာဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ အရည်အသွေးမှန်ကန်သည့် မြေဩဇာ များ တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူးသုံးစွဲနိုင်မှသာ စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက် လာမည် ဖြစ်ကြောင်း၊ တစ်ဦးချင်း စီးပွားရေးတိုးတက်မှသာလျှင် တစ်နိုင်ငံလုံး မှန်ကန်သည့် လမ်းကြောင်းပေါ်မှာ လျှောက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။