မြေဩဇာ ကော်မတီ၏ (၃၃)ကြိမ်မြောက်အစည်း‌အဝေး အွန်လိုင်းစနစ်ဖြင့်ကျင်းပ

မြေဩဇာများ အရည်အသွေးပြည့်မီရေး ဈေးနှုန်းမှန်ကန်ရေး နှင့် တောင်သူများ အကျိုးရှိ ထိရောက်စွာအသုံးပြုနိုင်ကြရန် မြေဩဇာကော်မတီ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ထိန်းကျောင်း ကြပ်မတ်ပေးလျက်ရှိသကဲ့သို့ Covid-19 ကာလအတွင်း ကုန်သွယ်ရေး အခက်အခဲ နှင့် ငွေကြေး တန်ဖိုးပြောင်းလဲမှုများကြောင့် ဈေးနှုန်းမြင့်မားလာသည့် ဓါတ်မြေ ဩဇာများ ကို စိုက်ပျိုးသူ တောင်သူများ လျော့ချ အသုံးပြုနိုင်မည့်နည်းလမ်းများ ၊ သဘာဝ မြေဩဇာများ သစ်စိမ်း မြေဩဇာများ နှင့် တွဲဘက်အသုံးပြုနိုင်မည့် နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း၊ စက်တင်ဘာလ (၃)ရက် က အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည့် မြေဩဇာကော်မတီ ၏ (၃၃)ကြိမ်မြောက် အစည်းအဝေးတွင် ကော်မတီဥက္ကဌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

မြေဩဇာတင်သွင်းခွင့်၊ ထုတ်လုပ်ခွင့်၊ တင်ပို့ခွင့် မှတ်ပုံတင်လက်မှတ်များကို ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလကစတင်၍  ခွင့်ပြု ထုတ်ပေးလျှက်ရှိရာ (၃၂)ကြိမ်မြောက် မြေဩဇာကော်မတီ အစည်းအဝေးထိ  စုစုပေါင်းမှတ်ပုံတင် (၈၃၄၇)စောင် မှတ်ပုံတင် ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ မြေဩဇာမှတ်ပုံတင်လျှောက်ထားလာသည့် လုပ်ငန်းများအတွက် Covid-19 ကာလအတွင်း လူချင်းထိတွေ့မှုမရှိစေရန်၊ လုပ်ငန်းရှင်များ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေးနှင့် ပွင့်လင်း မြင်သာမှု ရှိစေရေးတို့အတွက် စိုက်ပျိုးရေးသွင်းအားစု မြေဩဇာများကို Online စနစ်ဖြင့် မှတ်ပုံတင်ခြင်း Myanmar Agricultural Imports Registration System (MAIRS) လုပ်ငန်းကို Online စနစ်ဖြင့် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ကုမ္ပဏီများ လုပ်ငန်းရှင်များနှင့် တောင်သူများမှ လုပ်ငန်းများအဆင်ပြေစွာ အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုငကြစေရန် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ၏ ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့် မှတ်ပုံတင်ခွင့်ပြုထားခဲ့သည့်  မြေဩဇာ တင်သွင်းခွင့် လျှောက်လွှာ (၉၅)စောင် နှင့် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားလာသော လျှောက်လွှာ (၃၉၆)စောင် တို့နှင့်ပတ်သက်၍ ယနေ့ကျင်းပပြုလုပ်သည့် မြေဩဇာကော်မတီ ၏ (၃၃)ကြိမ်မြောက် အစည်းအဝေး တွင် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။