မြေအသုံးချဝဘ်ဆိုဒ်လွှင့်တင်နိုင်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး ကျင်းပ

မြေအသုံးချဝဘ်ဆိုဒ်လွှင့်တင်နိုင်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကို ဇူလိုင်လ ၂၄ ရက် နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် ၄၃ ၌ ကျင်းပ ပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်သူဇာမြင့် နှင့် စိုက်ပျိုးရေး ပညာရှင်အရာထမ်းအမှုထမ်းများ၊ အိုင်တီကျွမ်းကျင်သူများ၊ စိုက်ပျိုးရေး-ပြန်ကြားရေးဌာနစိတ်မှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး က ဆွေးနွေးပြောကြားရာ၌ မြေအသုံးချဌာနခွဲက လွှင့်တင်မည့် မြေအသုံးချဝဘ်ပေါ်တယ် သည် စိုက်ပျိုးရေးဦးစီးဌာန ၏ E-Government လုပ်ငန်းစဉ်များမှ အစိတ်အပိုင်းတစ်ခုအဖြစ် လယ်ယာကဏ္ဍအကျိုးပြု နည်းပညာနှင့်သတင်း အချက်အလက်များ တင်ဆက်ပေးသွားရန် ဂျာမန် လယ်ယာကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ GIZ ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခြင်း ဖြစ်ကြောင်း၊ မြေအသုံးချဝဘ်ပေါ်တယ် တွင် ဖော်ပြသည့် သတင်း အချက် အလက်များ ပြည့်စုံအောင်မြင်စေရေး အတွက် စိုက်ပျိုးရေး-ပြန်ကြားရေးဌာနစိတ် နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်၍ ကဏ္ဍအသီးသီး မှ ပညာရှင်များက ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ရေးဆွဲပြီး မြေအသုံးချဝဘ်ဆိုဒ် အခြေအနေနှင့် ကဏ္ဍအလိုက် တင်ပြမှုပုံစံများ ပြည့်စုံမှန်ကန်စေရေး၊ တောင်သူများ အတွက် အမှန်လိုအပ်သည့် သတင်း အချက်အလက် အသစ်များ စဉ်ဆက်မပြတ် ဖော်ပြပေးနိုင်ရေး ၊ ဝဘ်ဆိုဒ် လုပ်ငန်းစဉ်များအား ရေရှည်ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် တာဝန်ခွဲဝေမှု နှင့် အိုင်တီ နည်းပညာများ မျက်ခြေမပြတ်လေ့လာနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။

လယ်ယာကဏ္ဍတွင် အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်သည့် မြေဆီလွှာဆိုင်ရာများ၊ သွင်းအားစု သဘာဝမြေသြဇာ၊ ဓါတ်မြေသြဇာဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဒေသအလိုက် ဖြစ်ပေါ်နေ သည့် သဘာဝ မြေဆီလွှာ အမျိုးမျိုး ၏ အချက်အလက်များ၊ သီးနှံအလိုက် ထည့်သွင်း အသုံးပြု သင့်သည့် မြေဆီဆိုင်ရာ အချိုးအဆများ စသည့် မြေအသုံးချခြင်းဆိုင်ရာ သတင်းအချက် အလက် နည်းပညာများကို မြန်မာ့ တောင်သူလယ်သမားများ ၊ စိုက်ပျိုးရေး လုပ်ကိုင်ဆောင်ရွက် လိုသူများ အနေဖြင့် တစ်နေရာ တည်း တွင် စုစုစည်းစည်း လေ့လာနိုင်မည့် ဝဘ်ဆိုဒ်အဖြစ် မကြာမီမြင်တွေ့ ကြရတော့ မည်ဖြစ်သည်။ အလားတူ တရားဝင် မှတ်ပုံတင် ရရှိထားသည့် မြေသြဇာအမျိုးအစား နှင့် ကုမ္ပဏီအမည်စာရင်းများ ၊ မှတ်ပုံတင် ပယ်ဖျက် မြေသြဇာ စာရင်းများ ကို အလွယ်တကူရှာဖွေ ကြည့်ရှုနိုင်မည်ဖြစ်သကဲ့သို့ မြေသြဇာမှတ်ပုံတင်ခြင်း လုပ်ငန်းများကိုလည်း အွန်လိုင်းမှ ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။