မြေဩဇာကော်မတီ၏ (၃၅)ကြိမ်မြောက် အစည်းအဝေးကျင်းပ

ကိုဗစ် ၁၉ ကပ်ရောဂါ၏ နောက်ဆက်တွဲ သက်ရောက်မှုများကြောင့် ကုန်သွယ်မှု အခက်အခဲများနှင့်  ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုအပါအဝင် အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ကမ္ဘာ့နိုင်ငံများ၏ ဈေးနှုန်း မတည်ငြိမ်ခြင်း၊ စားနပ်ရိက္ခာ လိုအပ်ချက် မြင့်တက်လာခြင်းများ ဖြစ်ပေါ်လျှက်ရှိရာ မိမိတို့နိုင်ငံ၏ ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေးနှင့် စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပသို့ တိုးတက် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် သီးနှံအထွက်တိုးရေးအတွက် အရေးပါသည့်     မြေဩဇာများကို အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းကိုက်ညီစွာသုံးစွဲနိုင်ရေး စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မတ်လ(၃၁)ရက်နေ့ က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအ‌ဝေးခန်း၌ ကျင်းပပြုလုပ်သည့် မြေဩဇာကော်မတီ၏ (၃၅)ကြိမ်မြောက် အစည်းအဝေးတွင် ကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် အဆိုပါ အစည်းအဝေးသို့ မြေဩဇာကော်မတီဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင်  မြေဩဇာ တင်သွင်း၊ တင်ပို့ ၊ ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံတင် လျှောက်ထားလာမှုများကို အတည်ပြုပေးနိုင်ရေး ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

မြေဩဇာကော်မတီ၏ (၃၄)ကြိမ်မြောက် အစည်းအဝေးအထိ မြေဩဇာ တင်သွင်း၊ တင်ပို့ ၊ ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံတင်စုစုပေါင်း(၈၉၁၉)စောင်ကို စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ မြေဩဇာ တင်သွင်း၊ တင်ပို့ ၊ ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းများ လွယ်ကူ အဆင် ပြေစွာ ဆောင်ရွက်နိုင်ရေး အတွက် အွန်လိုင်းစနစ် မှတ်ပုံတင်လျှောက်ထားနိုင်ရန် MAIRS Online System စနစ် ဖွင့်လှစ်ပေးထားပြီး မှတ်ပုံတင်လက်မှတ်များ ၊ ထောက်ခံချက်လက်မှတ်များကို စာရွက်စာတမ်းများအနေဖြင့် ထုတ်ပေးခဲ့ကြောင်း၊ ယနေ့ကျင်းပသည့် မြေဩဇာကော်မတီ၏ (၃၅)ကြိမ်မြောက် အစည်းအဝေး တွင် စိစစ်ခွင့်ပြုပေးမည့် မှတ်ပုံတင်များ၊ ထောက်ခံချက်များ မှစတင်၍ Online မှ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။