မြေဩဇာကော်မတီ ၏ ( ၃၁ )ကြိမ်မြောက် အစည်းအဝေးကျင်းပ

တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ကိုင်သူများ ဝယ်ယူအသုံးပြုသည့်  မြေဩဇာများ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်ဝရေး၊ အတုအပကင်းစင်ရေး တို့အတွက် မြေဩဇာ ကော်မတီ က မြေဩဇာများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ပြန်လည် ထုပ်ပိုး ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း စသည့်လုပ်ငန်းများအား စိစစ်ကြပ်မတ် ဆောင်ရွက် လျက်ရှိရာ မြေဩဇာကော်မတီ ၏  ( ၃၁ ) ကြိမ်မြောက် အစည်း အဝေး ကို ဇွန်လ (၁၉)ရက် မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မြေဩဇာ ကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ကော်မတီဝင်များ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။

မြေသြဇာ အပင်များအတွက် လိုအပ်သည့်အာဟာရအချိုးအစားများ သတ်မှတ် အရည်အသွေး ပြည့်မီစေရန် ၊ အရည်အသွေးနှင့်စျေးနှုန်းမျှတမှုရှိစေရေး၊ လျှောက်ထား လာသည့်  မြေဩဇာများ ကို မြေသြဇာနည်းပညာကော်မတီ က နည်းပညာပိုင်းအရစိစစ်ပြီး ထောက်ခံ တင်ပြလာသည့် မြေဩဇာမှတ်ပုံတင်လျောက်ထားချက်များ အား မြေဩဇာ ကော်မတီ က မှတ်ပုံတင်ခွင့်ပြုပေးလျှက်ရှိသည်။ ထို့အပြင် တောင်သူများ ဈေးနှုန်း သက်သာစွာ အလွယ် တကူ ဝယ်ယူရရှိနိုင်ရေး အတွက် Mobile Bagging Machine ဖြင့် မြေဩဇာထုတ်လုပ်ခြင်း ကို ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။

ယနေ့ကျင်းပပြုလုပ်သည့် မြေဩဇာကော်မတီ ၏  ( ၃၁ ) ကြိမ်မြောက် အစည်း အဝေး တွင် မြေဩဇာမှတ်ပုံတင်လျောက်လွှာ ၃၀၆ စောင်ကို မှတ်ပုံတင်ခွင့် ပြုခဲ့သဖြင့်  စုစုပေါင်း မြေဩဇာမှတ်ပုံတင် ၇၅၁၅ စောင် ထုတ်ပေးခဲ့ပြီးဖြစ်သည်။ သက်တမ်း ကျော်လွန်သဖြင့် ဌာနမှဖျက်သိမ်းခဲ့သည့် မြေသြဇာ မှတ်ပုံတင် စုစုပေါင်း ၁၁၇၃ စောင် ရှိကာ ၊ ကာယကံရှင်မှ တင်ပြလာသဖြင့် မှတ်ပုံတင် ပယ်ဖျက်ခဲ့မှု စုစုပေါင်း ၁၀၆၈ စောင်ရှိကြောင်း သတင်းရရှိသည်။