ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးစနစ်စီမံကိန်းအစီအစဉ်ဖြင့် တပ်ကုန်းမြို့နယ်၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းပြုလုပ်ခြင်း

ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးစနစ်စီမံကိန်း အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး( T O T )သင်တန်းဖွင့်ပွဲ ကို သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ရာ၌ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်သူဇာမြင့်၊ ဥတ္တရခရိုင်ဦးစီးမှူး ဦးထိန်လင်းဟန် ၊ တပ်ကုန်းမြို့နယ်ဦးစီးမှူး ဦးထွန်းညွန့် နှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူး က ဆွေးနွေးပြောကြားရာ၌ ဒေသအလိုက် ရာသီဥတုပြောင်းလဲမှုနှင့်ကိုက်ညီပြီး ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးနည်းစနစ်များ ဖော်ဆောင်ရာတွင် မြေဆီလွှာစစ်ဆေးချက် ရလဒ်များပေါ် မူတည်၍ သီးနှံအလိုက် မြေသြဇာ ထောက်ခံနှုန်းထားများ တောင်သူများထံသို့ရောက်ရှိရန် လိုအပ်ကြောင်း၊ အရည်အသွေး ပြည့်ဝ သည့် မြေသြဇာများကို အချိန်ကိုက်အချိုးကျ ပမာဏမှန်ကန်စွာ ထည့်သွင်းအသုံးပြုနိုင်ရန် မြေဩဇာ အမျိုးအစားများ နှင့် အာဟာရပါဝင်မှုအချိုးများ ကို တောင်သူများသိရှိနိုင်ရေး ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ကုန်ကျစရိတ်နှင့်အကျိုးအမြတ် ကိုက်ညီသည့် မြေဩဇာကို တောင်သူများ ရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ မြေဆီလွှာပြုပြင်နည်းစနစ်များ အသုံး ပြုခြင်းဖြင့် ရေရှည်တည်တံ့သော သီးနှံအထွက်ရရှိစေရေးဆောင်ရွက်ရန် မိမိတို့ကျရာအခန်း ကဏ္ဍက ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

(၅)ရက်ကြာ ပို့ချပေးမည့်အဆိုပါသင်တန်းသို့ ဥတ္တရခရိုင်ရုံး နှင့် တပ်ကုန်းမြို့နယ်ရုံးတို့မှ စိုက်ပျိုးရေးဝန်ထမ်း ၂၀ ဦးတို့ တက်ရောက်လေ့လာလျက်ရှိကြောင်း၊ သင်တန်းတွင် မြေဆီလွှာဖွံ့ဖြိုး ထက်သန်ရေးအတွက် မြေဆီလွှာစစ်ဆေးအဖြေများအရ မြေဩဇာထောက်ခံနှုန်းထားများ တွက် ချက်ခြင်း၊ သုတေသန စမ်းသပ်ချက်အဖြေများအား စာရင်အင်းပညာအရ တွက်ချက်စိစစ်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ လိုက်နာဆောင်ရွက်ရန် လုပ်ငန်းစဉ်များအား သက် ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်သော ပညာရှင်များဖြင့် သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း၊ စီမံကိန်း အနေဖြင့် တောင်သူများ စိုက်ပျိုး ထုတ်လုပ်မှုနှင့် အကျိုးအမြတ်တိုးတက် ရရှိရန် ၊ ဒေသအလိုက် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိသော ရေရှည်တည်တံ့သည့် စိုက်ပျိုးနည်းစနစ်များ ပေါ်ထွက်လာ စေရန် တို့ကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။