ACIAR-SRA နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးထက်သန်ရေး ဆောင်ရွက်မည်

အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဗဟိုဌာန ACIAR-SRA နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲ တို့ပူးပေါင်းဆောင်ရွက်မည့် ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင် မြေဆီလွှာတိုက်စားမှု လျော့နည်းစေရန်နှင့် မြေဆီလွှာ စီမံခန့်ခွဲမှု စံပြကွက်များ ဆောင်ရွက်ရန် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးသဘောတူညီမှု လက်မှတ်ရေးထိုးခြင်း ကို သြဂုတ်လ (၁၈)ရက်နေ့ က နေပြည်တော် ရုံးအမှတ် (၁၅)၌ ကျင်းပပြုလုပ်သည်။

လက်မှတ်ရေးထိုးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ မြေအသုံးချရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်သူဇာမြင့် ၊ စီမံကိန်းရေးဆွဲစိစစ်သုံးသပ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းသီ ၊ ACIAR ၏ Assistant Country Manager ဖြစ်သူ ဦးမျိုးသူရ ၊ Project Consultant ဒေါက်တာတင်မောင်အေး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ACIAR ၏ Assistant Country Manager ဖြစ်သူ ဦးမျိုးသူရ တို့က စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး သဘောတူညီမှု လက်မှတ်ရေးထိုးကြသည်။

အဆိုပါစီမံကိန်းအရ ရှမ်းပြည်နယ်၊ ကုန်မြင့်ဒေသ၌ ဖြစ်သော ကလောမြို့နယ်တွင် မြေဆီလွှာတိုက်စားမှုကို လျော့ကျစေရန်နှင့် မြေဆီလွှာတိုက်စားမှုကို လျော့ကျစေရန် သင့်လျော်သောသီးနှံနှင့် Hedgerow များအား စံပြကွက်များ ဆောင်ရွက်ခြင်းဖြင့် သင့်လျော်သော မြေဆီလွှာထိန်းသိမ်းသော စနစ်ကို ဖော်ထုတ်ရန်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းဒေသ၌ သီးနှံမစိုက်ပျိုးမီ လှပ်ထားသောနေရာများတွင် ပဲသီးနှံအား အခြေခံသော သင့်လျော်သော မြေဖုံးသီးနှံများအား ရွေးချယ်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာတိုက်စား ဆုံးရှုံးမှုကိုလျော့ကျစေရန်၊ ကလောမြို့ နယ်အတွင်းရှိ ဒေသခံတောင်သူများအား စစ်တမ်း ကောက်ခံခြင်းဖြင့် သီးနှံစိုက်ပျိုးခြင်းနှင့် တိရစ္ဆာန်စားကျက်မြေများအား စီမံခန့်ခွဲရာတွင် လက်တွေ့ တွေ့ကြုံနေရသော အခက်အခဲများအားသိရှိစေပြီး ကောင်းမွန်သော စီမံခန့်ခွဲမှု နည်းစနစ်ဖော်ထုတ်ရန် တို့ကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင်သာမက ကုန်းမြင့်ဒေသများ၌ မြေဆီလွှာ တိုက်စား ဆုံးရှုံးမှုကို လျော့ကျစေသော ခေတ်မီမြေဆီလွှာ ထိန်းသိမ်းသော နည်းစနစ်များအား တောင်သူများ၏ စိုက်ကွင်းများ၌ ဒေသခံတောင်သူများနှင့်အတူ ပူးပေါင်းစံပြကွက်များ ဆောင်ရွက်ခြင်းဖြင့် တောင်သူများအား မြေဆီလွှာထိန်းသိမ်းခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများအား မျက်မြင်သိရှိပြီး လက်တွေ့လိုက်နာ ကျင့်သုံးသော အလေ့အကျင့် ရရှိစေခြင်း၊ သြစတြေးလျနိုင်ငံ၊ Southern Cross University မှ မြေဆီလွှာ ပညာရှင်များနှင့် အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများသာမက ဒေသခံ တောင်သူများပါ ခေတ်မီမြေဆီလွှာထိန်းသိမ်းသော နည်းစနစ်များအား သိရှိစေခြင်း၊ သီးနှံမစိုက်ပျိုးမီ လှပ်ထားသော မြေများပေါ်၌ ဒေသနှင့် အညီ သင့်လျော်သော မြေဖုံး ပဲသီးနှံများကို ဖော်ထုတ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။