မြေဆီလွှာတွင်းရှိ အာဟာရဓာတ်အရ သီးနှံပင်အတွက် မြေဩဇာ လိုအပ်ချက်ကိုစိစစ်၍ စိုက်ပျိုးထားသည့် GAP မိုးငရုတ်စံပြစိုက်ခင်း ကွင်းသရုပ်ပြပွဲကျင်းပ

စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲသည် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေး စနစ်စီမံကိန်း (FSS Myanmar Project) အစီအစဉ်ဖြင့် ကျင်းပသော မြေဆီလွှာတွင်းရှိ အာဟာရဓာတ်အရ သီးနှံပင်အတွက် မြေဩဇာလိုအပ်ချက်ကိုစိစစ်၍ စိုက်ပျိုးထားသည့် GAP မိုးငရုတ်စံပြစိုက်ခင်း ကွင်းသရုပ်ပြပွဲ ကို သြဂုတ်လ ၂၇ ရက်နေ့ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ရွေးစုကျေးရွာအုပ်စု တောင်သူ ဒေါ်အေးအေးမူ၏ ကွင်းအမှတ် ၁၄၆၁ ၌ ကျင်းပပြုလုပ်ခဲ့သည်။

GAP စနစ်ဖြင့် စိုက်ပျိုးထားသော မိုးငရုတ်စိုက်ခင်း (၂) ဧကအား မြေဆီလွှာစစ်ဆေးရလာဒ်အဖြေအရ ထပ်မံလိုအပ်သည့် အပင်အာဟာရကို တွက်ချက် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် လက်ရှိစိုက်ပျိုးသော သမရိုးကျစိုက်နည်းစနစ်ထက် အကျိုးအမြတ် ဝင်ငွေပိုမိုရရှိနိုင်မှုကို တောင်သူများ လက်တွေ့လေ့လာသိရှိစေရန်နှင့် ရာသီဥတုအခြေအနေ ပေါ်မူတည်၍ သီးနှံပြောင်းလဲစိုက်ပျိုးခြင်းဖြင့် ပိုမိုကောင်းမွန်၍ ရေရှည်တည်တံ့သော စိုက်ပျိုး စနစ်များ ဖော်ထွက်လာစေရန် ရည်ရွယ်ကျင်းပသော အဆိုပါကွင်းသရုပ်ပြပွဲသို့ ဒေသခံတောင်သူများ အနီးဝန်းကျင်ကျေးရွာများမှ စိတ်ဝင်စားသူများ ရောက်ရှိလေ့လာခဲ့ကြသည်။

တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှ ညွန်ကြားရေးမှူး ဒေါ်သူဇာမြင့်၊ နေပြည်တော်တိုင်းဒေသကြီးဦးစီးမှူးဦးဝင်းဦး ၊ခရိုင်ဦးစီးမှူးဦးထိန်လင်းဟန်၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူ များတက်ရောက် ခဲ့ကြပြီး ညွန်ကြားရေးမှူး ဒေါ်သူဇာမြင့် နှင့် ပညာရှင်ဝန်ထမ်းများက တောင်သူများအား နည်းပညာရပ်ဆိုင်ရာများ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။